
ရန်ကုန်မြို့သာမက မြန်မာတနိုင်ငံလုံးတွင် ခိုးကူးဗွီစီဒီနှင့်ဒီဗွီဒီခွေများ ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခု ပြည်တွင်း ဗွီဒီယိုဈေးကွက်ကို ထိခိုက်လာသည့်အတွက် ဗီဒီယိုအခြေခံအစည်းအရုံးက ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ပြည်တွင်းမှ တေးရေးဆရာတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဂီတ ဈေးကွက်ဆို ပျက်တာ ကြာလှပေါ့။ ဒီနေ့ ဓာတ်ပြားထွက်၊ လမ်းဘေးမှာ နောက်နေ့ တချပ် (၃ဝဝ) လောက်နဲ့ ရောင်းနေကြပြီ။ နှစ်တွေကြာလာတော့ ထုတ်လုပ်ရေးသမားတွေလည်း မခံနိုင်တော့ တေးအယ်လ်ဘမ် အသစ်တွေ မလုပ်နိုင်တော့တာတောင် ကြာလှပြီ။ ခုတော့ ဒီ ခိုးကူးဂယက်ဟာ ဗွီဒီယို ထုတ်လုပ်ရေးဘက်ကို ကူးစက်သွားတယ်” ဟု ပြောသည်။
ဗွီဒီယို ထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရနှင့် နီးစပ်သည့်သူဌေးကြီးများက လုပ်ကိုင်နေပြီး ၎င်းတို့သည် ဗွီဒီယို အခြေခံအစည်းအရုံးတွင် တာဝန်ယူထားသူများလည်း ဖြစ်ကြကြောင်း၊ ၎င်းတို့ရိုက်သည့် အခွေများကို မူပိုင်ခွင့်အနေဖြင့် မည်သူကမှ မ၀ယ်တော့ဘဲ ခိုးကူးခွေများကိုသာ ၀ယ်ကြ၊ ငှားကြ လုပ်နေကြသည့်အတွက် ယခုကဲ့သို့အရေးယူရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း အဆိုပါ တေးရေးဆရာက ပြောသည်။
အနော်ရထာလမ်းတွင် ဓာတ်ပြားအရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ၎င်းတို့အနေဖြင့် မြန်မာသီချင်းနှင့် ဗွီဒီယိုဇာတ်ကား၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား ဒီဗွီဒီများကို နယ်မြေခံရဲနှင့် ထောက်လှမ်းရေးတို့ကို ပုံမှန်ဆက်ကြေးပေးပြီး ရောင်းချနေကြခြင်းဖြစ်ကြောင်း၊ လမ်းဘေးတွင် ဓာတ်ပြားရောင်းသူအများစုသည် ဆင်းရဲသည့် အလုပ်လက်မဲ့များ ဖြစ်ကြကြောင်း ပြောသည်။
၎င်းက “ဒီလိုခိုးကူးရောင်းချတာတွေ ပျောက်ဖို့ဆိုရင် အလုပ်လက်မဲ့ပြဿနာ၊ ရဲနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ လာဘ်စားမှု ပျောက်သွားမှသာ ဖြစ်နိုင်မယ်။ ထောင်ဒဏ် (၃) နှစ်ချမှတ်မယ် ပြောပေမယ့် ဆင်းရဲတဲ့ အလုပ်လက်မဲ့တွေက ဆက်ပြီး ရောင်းနေကြဦးမှာ ဖြစ်သလို လခနဲ့ မလောက်ငတဲ့ ရဲတွေကလည်း လာဘ်စားနေဦးမှာဖြစ်လို့ ဒီကိစ္စ ဖြေရှင်းဖို့ လွယ်မယ်မထင်ဘူး” ဟု ပြောသည်။
အာဏာပိုင်များသည် ယခု အရေးယူမှုကို မေလကုန်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ဇွန်လ (၁) ရက်နေ့မှစ၍ အရေးယူမှုစတင်မည်ဟု ကြေညာထားသော်လည်း ရောင်းသူများရှိနေဆဲဖြစ်သည်။
No comments:
Post a Comment