Pages

Subscribe

Sunday 4 July 2010

ဓားပြများကို နှိမ်နှင်းရန် အထူး ရဲတပ်ဖွဲ့များကို နယ်စပ်သို့ စေလွှတ်ပြီ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် အထူး သောင်းကျန်းနေသော ဓားပြများကို နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ မနှိမ်နှင်း သဖြင့် ယခုအခါ အထူး ရဲတပ်ဖွဲ့ နှစ်ဖွဲ့ကို ပြည်နယ် ရဲဌာနချုပ်မှ အဆိုပါ ဒေသသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ရဲအရာရှိ တဦးက “ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဆိုပါ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ နှစ်ဖွဲ့ကို စစ်တွေ ပြည်နယ် ရဲဌာနချုပ်က ဘူးသီးတောင်နဲ့ မောင်တောသို့ စေလွှတ် လိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဒေသ အတွင်း ခုတလော ဓားပြတိုက်မူတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့တဲ့ အတွက် ခုလို စေလွှတ် လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ခ်ျ့- မြန်မာ နယ်စပ် အနီး မြန်မာဘက်ခြမ်းတွင် လွန်ခဲ့သော ၂၀၀၉ ခု နှစ်လယ်ပိုင်းမှ စ၍ ၂၀၁၀ ဇွန်လ အထိ နယ်စပ် ဖြတ်ကျော်ပြီး ကျူးလွန်သည့် ဓားပြတိုက်မူပေါင်း ၄၀ ကျော် ဖြစ်ပွား ခဲ့သည်။ အဆိုပါ ဓားပြမူများထဲမှ ဒေသခံ ရဲစခန်းများသို့ ဓားပြတိုက်မှု (၇) ခုသာ အမှုဖွင့် တိုင်ကြားခဲ့ပြီး အများစု အမူများကို ဒေသ အတွင်းရှိ နစက စခန်းများသို့ တိုင်ကြားခဲ့သည်ဟု သူက ပြောသည်။

“အနီးအနားမှာ ရဲစခန်းတွေ မရှိတော့ နယ်ခြားစောင့် တာဝန်ကို ယူထားတဲ့ နစက စခန်းတွေဆီကိုဘဲ ဓားပြမူ ဖြစ်တိုင်း လူတွေက သွားရောက် တိုင်ကြား ကြပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ အရေးယူ ဖမ်းဆီးနိုင်တာ မရှိတော့ ပြည်သူတွေက စိုးရိမ်စိတ်တွေ ပိုဝင်လာတယ်။ ဒါကြောင့် ခုလို ရဲအထူး တပ်ဖွဲ့တွေကို စေလွှတ်ရတဲ့ အထိ ဖြစ်လာရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

နယ်စပ် သတင်း ရပ်ကွက်များ အဆိုအရ ဘူးသီးတောင်၊ မောင်တော နယ်စပ် မြို့နယ်များနှင့် နတ်မြစ် တလျှောက်တွင် လှုပ်ရှားနေသည့် ဓားပြ ဂိုဏ်း အနည်းဆုံး နှစ်ခု ရှိပြီး ဂိုဏ်းတစ်ခုစီတွင် ဓားပြ ၁၅ ဦး မှ ၃၀ ဦး ပါဝင်ကြောင်း သိရသည်။ ဓားပြများသည် ခေတ်မှီ လက်နက်များကို ကိုင်ဆောင် ထားကြသည်ဟုလည်း မျက်မြင် ဒေသခံများက ပြောသည်။

ဓားပြများသည် နယ်ခြားစောင့် နစက တပ်ဖွဲ့များကဲ့သို့ ညဥ့်အချိန်တွင် ဧည့်စာရင်း စစ်ဆေးမည်ဟု ဆိုကာ အိမ်ထဲဝင်လာပြီး နေအိမ်ထဲသို့ ချင်းနင်းဝင်ရောက်ပြီးနောက်ပိုင်း ဓားပြ တိုက်ယူ ကြခြင်း ဖြစ်သည်။

ဓါးပြတိုက်စဉ် နေအိမ်ထဲသို့ ၀င်ရောက်လာသည့် ဓားပြများမှာ ဒေသခံမူဆလင်များ ဖြစ်ကြ သော်လည်း အိမ်အပြင်မှ ၀ိုင်းထားသူများထဲတွင် နစက တပ်သားများကဲ့သို့ ၀တ်စုံများ ၀တ်ဆင် ထားပြီး ခေတ်မှီသေနတ်များ ကိုင်ဆောင်ထားသူများလည်း ပါဝင်သည်ဟု ဓားပြတိုက်ခံခဲ့ရသူများ၏ ထုတ်ဖေါ် ပြောကြားချက် အရ သိရှိရသည်။

သရက်အုပ် ကျေးရွာသား တဦးက “ခုလို နစက အယောင်ဆောင်ပီး ဓားပြတိုက်တဲ့ အတွက် နစကတွေကိုဘဲ လူတွေက ထင်ယောင် ထင်မှား ဖြစ်လာကြတယ်။ တိုက်တဲ့ သူတွေကလည်း နစက တပ်ဖွဲ့ဝင်တွေ ၀တ်တဲ့ ယူနီဖေါင်းနဲ့ နစကလို ပြောဆိုပီး ဓားပြတိုက်တာဆိုတော့ နစကနဲ့ ဓားပြတိုက်မူတွေ ပတ်သက်တယ် ဆိုတဲ့ အမြင်တွေလည်း လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ ခုထက်ထိ ဓားပြ အစစ်အမှန် တဦးတယောက်ကိုမှ မဖမ်းဆီးနိုင်တဲ့ အတွက် လူအများစုကတော့ တချို့ ဓားပြမူတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေ ပါဝင်နေတယ်ဆိုပီး စွပ်စွဲ ပြောဆိုနေကြပါတယ်” ဟု ပြောသည်။

သရက်အုပ်ကျေးရွာတွင်လည်း လွန်ခဲ့သော မေလ ၉ ရက်နေ့က ရယက ဥက္ကဌ ဦးထွန်းအေးမောင်အိမ်ကို ဓားပြတိုက်ရာတွင် ဓားပြများသည် နစက တပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဝင်ရောက်ကာ ဓားပြတိုက်ယူသွားခဲ့သည်။ အဆိုပါ ဓားပြတိုက်မူကြောင့် ဦးထွန်းအေးမောင်မှာ ကျပ်သိန်း ၁၀၀ ဖိုး ဆုံးရှုံး ခဲ့ရပြီး နောက်ပိုင်းတွင် ဓားပြရန်ကို မကာကွယ်နိုင်ဟုဆိုကာ ရယက ဥက္ကဌ တာဝန်မှလည်း ရပ်စဲ ခံခဲ့ရသည်။

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တွင် တည်ရှိသော နတ်မြစ် တလျှောက်တွင်လည်း ငါးဖမ်းဘုတ်များ နှင့် တဘက်နိုင်ငံသို့ တရားမ၀င် မှောင်ခိုကူးနေကြသည့် လောင်းလှေများကို ဓားပြတိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း နှစ်ဘက် အာဏာပိုင်များ အနေဖြင့် နှိမ်နှင်းနိုင်ခြင်း မရှိကြောင်း သိရသည်။

ယခုကဲ့သို့ သောင်းကျန်းနေသော ဓားပြများကို ရဲထက် များစွာ အဆင့်မြင့်ပြီး အင်အားပိုကြီးသည့် နစကတပ်များနှင့် စစ်တပ် တပ်ရင်းများက မနှိမ်နှင်းဘဲ စစ်တွေမှ ရဲတပ်ဖွဲ့ဝင်များက လာရောက် နှိမ်နှင်းမည် ဆိုသည်မှာ လွယ်ကူနိုင်မည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

နိရဉ္စရာသတင်းထောက် တာကလူး ရေးသားသည်။

No comments:

Post a Comment