ဧပြီ ၂၂၊ ၂၀၁၀ 
ဧည့်ခံပွဲတခုတွင် တွေ့ရသော  စိုင်းစိုင်း၊ ဖိုးလပြည့် နှင့် ၀တ်မှုံရွှေရည် (ဓာတ်ပုံ - snapshot-news.com                  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏   မြေးဖြစ်သူ ဖိုးလပြည့်က အာဏာသုံးပြီး နာမည်ကျော် အဆိုတော်   စိုင်းစိုင်းခမ်းလှိုင်၏ မိုဘိုင်းဖုန်းကို အဆိုတော်၏ မွေးနေ့တွင်  ပိတ်ထားရန် ကြိုးစားခဲ့သော်လည်း  မအောင်မြင်ခဲ့ကြောင်း ဖိုးလပြည့်နှင့်  နီးစပ်သည့် အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။
ဖိုးလပြည့်  ခေါ်  နေရွှေသွေးအောင်မှာ စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုန်ရွှေရည်၏   သမီးရည်းစား ဆက်ဆံရေးကို ဖြတ်တောက်ရန် ဖိအားပေးခဲ့ပြီး  စိုင်းစိုင်းခမ်းလှိုင်နှင့်  ၀တ်မှုန်ရွှေရည်တို့၏ ကြော်ငြာ  ရိုက်ကူးမှုများအထိပင် လိုက်လံပိတ်ပင် ပြောဆိုမှုများ ရှိခဲ့သည်ဟု   မီဒီယာနှင့် စာပေစိစစ်ရေး အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာပြီးနောက်  ယခုနောက်ဆုံး  မိုဘိုင်းဖုန်းကို ခေတ္တ ဖြတ်တောက်ထားရန် ကြိုးစားခဲ့ခြင်း  ဖြစ်သည်။
အဆိုတော်  စိုင်းစိုင်းခမ်းလှိုင်နှင့် ၀တ်မှုန်ရွှေရည် တွဲလျက် သရုပ်ဆောင်မှု၊ ကြော်ငြာ   ရိုက်ကူးမှုများကို ဖိုးလပြည့်က သည်းမခံနိုင်သည့် အပြင် ယခု နောက်ဆုံး  မွေးနေ့တွင် သူငယ်ချင်း  မိတ်ဆွေများက မွေးနေ့ နှုတ်ဆက် စကား ပြောကြားခြင်း  မပြုနိုင်အောင် အထိ အဘိုးဖြစ်သူ၏  အရှိန်အ၀ါ အာဏာ သုံးစွဲပြီး  ကြိုးစားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ ဆက်သွယ်ရေး  လုပ်ငန်း၏ လုပ်ထုံး လုပ်နည်းအရ ဆိုလျှင် မိုဘိုင်းဖုန်း  နံပါတ်တခုကို  ပိတ်ရန် ဖုန်းငှားရမ်းသည့် စာချုပ် အထောက်အထား မူရင်းနှင့် အဆိုပါ  ငှားရမ်းသူ  မှတ်ပုံတင် မိတ္တူကို တွဲလျက် တင်ပြရမည်ဖြစ်သည်။ ထို့ပြင်  ကတ်ပျောက်ဆုံးခြင်း သို့မဟုတ် အသုံး  မပြုလို သဖြင့် ယာယီ ပိတ်လိုခြင်း  ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းရုံးသို့  လျှောက်ထားရမည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက  အစိုးရနှင့်  ဆန့်ကျင်သည့် နိုင်ငံရေး ကိစ္စရပ်များနှင့် ဆက်နွယ်သည့်  အတွက်ကြောင့် အထက် အမိန့် အရ လိုင်းပိတ်ခြင်း မျိုးသာ ရှိသည်ဟု ဖုန်းနှင့်  ပတ်သက်သည့် အငှား၊  အရောင်းအ၀ယ် လုပ်ကိုင်သူများက ပြောဆိုသည်။ ပြီးခဲ့သည့်  ရွှေဝါရောင် တော်လှန်ရေး ကာလ  အတွင်း နိုင်ငံရေး လှုပ်ရှားသူများ၊  အဆိုပါပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်သည့် မီဒီယာသမားများ၏  ဖုန်းအလုံးရေ  ရာဂဏန်းနှင့်ချီ ဖြတ်တောက်ခြင်း ခံခဲ့ရသည်။ရန်ကုန်တိုင်းမ်  ဂျာနယ်တွင် တွေ့ရသည့် စိုင်းစိုင်း၏ သတင်းနှင့် ဓာတ်ပုံ
ပြီးခဲ့သည့်  တပတ်ကျော်က ထုတ်ဝေသည့် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် စိုင်းစိုင်းခမ်းလှိုင်က  အိမ်ထောင်ပြုရန် အစီအစဉ် မရှိကြောင်း၊ လူပျိုကြီးပဲ လုပ်မည် ဆိုသည့်  သဘောမျိုး ဖြေကြားခဲ့ပြီး အဆိုပါ သတင်း နှင့် တွဲလျက် ဖေါ်ပြသည့်သူ၏  ဓာတ်ပုံထဲတွင် Game Over ဆိုသည့် စာတမ်းပါ တီရှပ်ကို ၀တ်ဆင်ထားပြီး သူနှင့်  ၀တ်မှုန်ရွှေရည်တို့၏ ဆက်ဆံရေး ပြီးဆုံးသွားပြီ ဆိုသည်ကို ရည်ညွှန်းလိုဟန်  ရှိသည်ဟု သူ့ပရိတ်သတ်များက ကောက်ချက်ချကြသည်။
စိုင်းစိုင်း၏  ပရိသတ် တဦးက `သူသာ ၀တ်မှုန်ရွှေရည်ကို တကယ် ချစ်တယ် ဆိုရင် သတ္တိ  ရှိသင့်တာပေါ့။ အခုတော့ ဖိုးလပြည့်ကို နောက်ဆုတ်ပေးလိုက်တဲ့ သဘောက  သူ့ရဲ့ပုံရိပ်ကို ထိခိုက်တာပေါ့၊ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် ခုလို  ဘယ်နောက်ဆုတ်ပေးမလဲ´ ဟု ဝေဖန် ပြောဆိုသည်။
သို့ရာတွင် ယခု  အဖြစ်အပျက်တွင် ကြားလူ ဖြစ်သည့် မိုဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည်၏  သဘောထားကို သဲကွဲစွာ မသိရှိရသေးပေ။
ယခုကဲ့သို့ ဖိုးလပြည့်၏  နိုင်ထက်စီးနင်း လုပ်ရပ်ကို ယခင် ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့ အာဏာ  အရှိန်အ၀ါသုံး ထင်တိုင်း ကြဲခဲ့ကြသည့် အဖြစ်နှင့် နှိုင်းယှဉ်  ပြောဆိုလျက်ရှိကြပြီး ဦးနေ၀င်း အာဏာ ကျဆုံးချိန်တွင် သူ့မြေးများပါ  နှိပ်ကွပ်ခံရပုံမျိုးကို သံဝေဂယူစရာ အဖြစ်လည်း စိတ်ဝင်စားသူများက  ဝေဖန်နေကြသည်။


No comments:
Post a Comment