Pages

Subscribe

Friday 21 May 2010

ထက်ထက်မိုးဦးက အမျိုးသမီး သတင်းထောက် တဦးကို ဆံပင်ဆွဲ ရိုက်နှက်ရန် ကြိုးစား

ဝင်းမြတ် ၊ ရန်ကုန်
မေ ၂၁၊ ၂၀၁၀ထက်ထက်မိုးဦး (photo: mmtimes.com)

ဗုဒ္ဓဟူးနေ့ည ကုန်ပစ္စည်းကြော်ငြာပွဲ တစ်ခုတွင် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၏ အိမ်ထောင်ရေး နှင့် ပတ်သက်သည့် မေးခွန်း ထုတ်ခဲ့သည့် 7Day ဂျာနယ်မှ သတင်းထောက်တဦးကို ထက်ထက်မိုးဦးက ခန်းမမှ အထွက်တွင် ဆံပင်ဆွဲပြီး ကိုယ်ထိ လက်ရောက် ရိုက်ရန် ကြိုးစားခဲ့သည်ဟု 7Day မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုသတင်းထောက်မှာ 7Day အနုပညာ နယ်ပယ် သတင်းထောက် မအေးသူစံ ဖြစ်ပြီး မေလ ၁၉ ရက်နေ့ညက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် ကလေးသုံး ကုန်ပစ္စည်း ကြော်ငြာပွဲတွင် အထက်ပါ အဖြစ်အပျက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။



မအေးသူစံက ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအား ဖုန်းဖြင့် တွေ့ဆုံမေးမြန်းခွင့် တောင်းခံရာ ထက်ထက်မိုးဦးက ထိုကြော်ငြာပွဲသို့ လာရန် ချိန်းဆိုခဲ့သည်ဟု သိရသည်။ ထိုနောက် ပွဲကျင်းပရာတွင် သတင်းထောက်က ထက်ထက်မိုးဦး၏ အိမ်ထောင်ရေးနှင့် သက်ဆိုင်သည့် မေးခွန်းဖြစ်သော ဘ၀ကို ခဏခဏ ပြန်စနေရတယ်လို့ ပရိသတ် တချို့ရဲ့ ထင်မြင်ချက်အပေါ် ဘယ်လို ခံစားမိပါသလဲ ဟု မေးမြန်းရာ ထက်ထက်မိုးဦးက စိတ်ဆိုးသွားသည်။ သတင်းထောက်ကို ပြန်နှင်သည့် စကားဆိုသဖြင့် သတင်းထောက်က တောင်းပန်စကား ပြောခဲ့သည်ဟု သိရသည်။

သို့သော်လည်း ထက်ထက်မိုးဦးက တံခါးဝတွင် ဘယ်လက်ဖြင့် သတင်းထောက်ကိုဆွဲပြီး ပါးရိုက်ရန် ကြိုးစားကြောင်း၊ အခြားသူများ ၀ိုင်းဆွဲကြသဖြင့် မထိခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ထိ လက်ရောက် ပြုမူစဉ် မင်းသမီးက - သတင်းထောက်တွေရဲ့ နှစ်ပဲ တပြား လစာကို သနားလို့ ဖြေပေးနေတာ ဟုလည်း ပြောဆိုခဲ့သည်ဟု 7Day ဂျာနယ်မှ အယ်ဒီတာ တဦးက ရှင်းပြသည်။

သတင်းထောက်မှာ ငိုယိုပြီး နောက် သူ့ဂျာနယ်တိုက်မှ အယ်ဒီတာများထံ ဆက်သွယ် အကြောင်းကြားပြီး ထိုနေ့ညတွင် ရန်ကင်း ရဲစခန်းတွင် တိုင်ကြားရန် သွားရောက်ခဲ့သည်။ ရဲစခန်းက ၎င်းတို့နှင့် မသက်ဆိုင်သည့် အမှုဖြစ်သည်ဟု ဆိုသဖြင့် နောက်တရက်တွင် ရန်ကင်းတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံစာနယ်ဇင်း အဖွဲ့၊ ရုပ်ရှင်အစည်းအရုံး တို့ကိုလည်း အဖြစ်အပျက်ကို အသေးစိတ်မှတ်တမ်း ပြုစုပြီး အစီရင်ခံထားကြောင်း သိရှိရသည်။

သတင်းထောက်ကို ရိုက်နှက်ရန် ကြိုးစားခဲ့သည်ဟု ဆိုသော ထက်ထက်မိုးဦးကို ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းရန် ဆက်သွယ်၍ မရသေးပေ။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးက``သတင်းထောက်တွေက ထင်ရှား ကျော်ကြားသူများအား မေးခွန်းများ မေးရာမှာပဲ ဖြစ်ဖြစ် နိုင်ငံရေး သမား၊ စီးပွားရေး လုပ်ငန်းရှင်တွေကို မေးရာမှာပဲ ဖြစ်ဖြစ် စာဖတ်သူ ပရိသတ်ကိုယ်စား မေးပေးတာပါ၊ ကိုယ့်ရဲ့ နာမည်ရလိုမှု အတွက်မဟုတ်သလို၊ နာမည်ကြီးတဲ့သူတွေကို တမင်သိက္ခာ ကျစေလိုတဲ့ သဘောလည်း မဟုတ်ပါဘူး၊ အခုမေးတဲ့ မေးခွန်းကိုလည်း သူ့အနေနဲ့ မဖြေချင်ရင် ငြင်းခွင့်ရှိပါတယ်။ အခြားသော နိုင်ငံတွေလို မြန်မာနိုင်ငံမှာ သတင်းမီဒီယာက သိပ်ပြီး ဖိပြီး မေးတာမျိုး သိပ်မရှိဘူး။ သူများနိုင်ငံတွေမှာ ဖြေရခက်တဲ့ မေးခွန်းတွေ ဒိထက်တောင် မေးသေးတယ်။ နောက်တချက်က သတင်းထောက်တွေရဲ့ နှစ်ပဲ တစ်ပြားလစာ ဆိုတဲ့ စကားလုံးက တော်တော်လေး စော်ကားတဲ့ အသုံးအနှုန်းပါ၊ ပြည်သူက ချစ်တဲ့ အနုပညာရှင် တယောက်က အဲဒီလို အသုံး အနှုန်းမျိုး သုံးတယ် ဆိုတာ တော်တော် ရုပ်ဆိုးပါတယ်´´ဟု သူ့အမြင်ကို ပြောပြသည်။

အဆိုပါ အယ်ဒီတာကပင် ယခုအဖြစ်အပျက်ကို ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးအနေဖြင့် မည်သို့ ကိုင်တွယ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းကြောင်း၊ စာပေစိစစ်ရေးကို ချဉ်းကပ်ကာ ဂျာနယ်တိုက် ပိုင်ရှင်နှင့် အယ်ဒီတာများကို ကြေအေးခိုင်းမည့် အလားအလာ ရှိကြောင်း ၊ ယခင်လည်း ဓာတ်ပုံမူပိုင်ခွင့် ကိစ္စတခု အတွက် ဓာတ်ပုံဆရာ ကျော်သာနှင့် အလဲဗင်းမီဒီယာတို့ အငြင်းပွားမှုတွင် စာပေစိစစ်ရေးက ကြားမှ ၀င်ညှိပြီး ကြေအေးစေခဲ့သည့် သာဓက ရှိခဲ့သည်ဟု ပြောသည်။

No comments:

Post a Comment