Pages

Subscribe

Wednesday 12 May 2010

ဘင်္ဂလာဒေခ်ျ့ သံအမတ် ရခိုင် လုပ်ငန်းရှင်များနှင့် စစ်တွေတွင် တွေ့ဆုံ


Bangladesh-consellorမြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ် Major-General Anup Kumar Chakma သည် မေလ ၁၀ ရက်နေ့က စစ်တွေသို့ ရောက်ရှိလာပြီး ရခိုင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားခဲ့သည်။

စစ်တွေမှ လုပ်ငန်းရှင် တဦးက“ သူနဲ့အတူ နောက်ထပ် အရာရှိ သုံးဦးပါတယ်။ စစ်တွေက ကုန်သွယ် လယ်ယာရုံးမှာ အစည်းအဝေး ပြုလုပ်ပီး ရခိုင်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ အဓိကတော့ နယ်စပ် ကုန်သွယ်ရေး လုပ်နေတဲ့ ကုမ္ပဏီတွေက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နယ်စပ် ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စစ်တွေ နယ်စပ်ကုန်သွယ်ရေး နကသ မှ တာဝန်ရှိသူများ ၊ T သုံးလုံး ကုမ္ပဏီနှင့် မင်းထက်မင်း ကုမ္ပဏီမှ လုပ်ငန်းရှင်များ အပါအ၀င် ကုမ္ပဏီများမှ လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ဘက်ကတော့ ကုန်သွယ်လယ်ယာ ပြည်နယ် မန်နေဂျာ ဦးစိုးပိုင် ဦးဆောင် တက်ရောက်ပီး အဓိကတော့ ရခိုင်က ဆားတွေ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို တင်ပို့နိုင်ရေးနဲ့ စစ်တကောင်းဆိပ်ကမ်းထိ ကုန်သွယ်ရေး တိုးမြှင့် နိုင်မယ့် ကိစ္စရပ် တွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ သူတို့ဘက်ကတော့ ဒါတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ် ဆိုပြီး ပြောသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

ယခု စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးဂိတ် မင်းဂံမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်ဆိပ်ကမ်း အထိသာ ကုန်များ တင်ပို့ခွင့်ရပြီး ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းရှိရာ စစ်တကောင်းသို့ တင်ပို့ခွင့် မရကြောင်း သိရသည်။

၎င်းပြင်သူက “ ကျွန်တော်တို့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်က ဘိလပ်မြေတွေကိုသာမက အိမ်ဆောက်တဲ့ နေရာမှာ အသုံးပြုတဲ့ သံချောင်းတွေကိုလည်း တင်သွင်းခွင့်ရရေး အတွက် ဆွေးနွေးခဲ့ပါတယ်။ သူတို့က သက်ဆိုင်ရာ အရာရှိတွေနဲ့ ညှိုင်းနိုင်း ပေးသွားမယ်လို့ ပြောဆိုသွားပါတယ်” ဟု ဆက်ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ကုန်သွယ်ရာတွင် မြန်မာဘက် နနွင်း၊ ဇီးတော်ဖီ မျိုးစုံ၊ ဇီးသီးခြောက်၊ မကျည်းသီ်းခြောက်၊ အရက်၊ ပုဇွန်နှင့် ငါးခြောက်မျိုးစုံတို့ကို တင်ပို့နေပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ ကျောက်တိုင် တံဆိပ် ဘိလပ်မြေနှင့် ကွမ်းယာများတွင် ထည့်အသုံးပြုသည့် ဂမုန်းများကို တင်သွင်းနေကြသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်က တရားမ၀င် ကုန်ပစ္စည်းများလည်း တင်ပို့နေရာ ထိုအထဲတွင် ကျွန်းသစ်နှင် ဆန်လည်း ပါဝင်သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကုန်သွယ်မူ ပမာဏကို မြန်မာဘက်က တရားဝင် ကျေညာခြင်း မရှိသော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ထုတ်ပြန်ချက်အရ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ သန်းကျော်ဖိုး မြန်မာနှင့် ကုန်သွယ်ရာမှ အကောက်ခွန် ဌာန အနေဖြင့် အမြတ်တော် ရရှိသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ သံအမတ်သည် စစ်တွေရှိ ဘင်္ဂလာဒေခ်ျ့ ကောင်စစ်ဝန်ရုံးသို့လည်း သွားရောက်လည်ပတ်ခဲ့သည်ဟု သတင်းရရှိသည်။

No comments:

Post a Comment