Pages

Subscribe

Wednesday 26 May 2010

ကဗျာဆရာစောဝေ လွတ်ပြီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးကြီးဟု ဝေဖန် ရေးသားမှုကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ကဗျာဆရာ စောဝေ ယနေ့ ပြန်လွတ်လာပြီ ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။

ကဗျာဆရာ စောဝေ

ကဗျာဆရာ စောဝေသည် “အာဏာ ရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့် ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ရေးသားခဲ့ သောကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး စုစုပေါင်း ၂၈ လခန့် နေခဲ့ရသည်။

အစိုးရ အာဏာပိုင်များက ကဗျာဆရာ စောဝေကို အများပြည်သူ၏ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြား စေမှုဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မနန်းစန်းစန်းအေးက “ပြန်ထွက်လာပြီ၊ ထွက်လာပြီ ဆိုပေမယ့် အိမ်ကိုတော့ မရောက်သေးဘူး၊ သူ ကျမကို ပြန်ထွက်လာပြီ ဆိုတဲ့အကြောင်း ရမည်းသင်းကနေ လှမ်း ဖုန်းဆက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကဗျာဆရာ စောဝေသည် မျက်စိ တိမ်စွဲ နေသဖြင့် ထောင်မှလွတ်လာသည့် အခါ ပထမဦးစွာ မျက်စိ အထူးကု ဆရာဝန်ထံတွင် ကုသမှု ခံယူရန် စီစဉ်ထားကြောင်းလည်း ၎င်းက ဆိုသည်။

ကိုစောဝေသည် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး အသင်း၏ စာပေဆုပေးပွဲများ နှစ်စဉ် ကျင်းပရေး အတွက် စီစဉ်ခဲ့သူလည်း ဖြစ်သည်။

၎င်းသည် HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် ကဗျာ ရွတ်ဆိုပွဲများကို ရန်ကုန်၊ မန္တလေးမြို့များတွင် တားဆီး ပိတ်ပင်မှုများ ကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကြီး ဖြစ်သည့် Human Rights Watch က ကဗျာဆရာ စောဝေကို Hellman/Hammett ဆု ချီးမြှင့်ခဲ့သည်။

ဖိနှိပ် ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသားသောကြောင့် ဆုပေးခြင်း ဖြစ်သည်ဟု ထိုအဖွဲ့ကဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် အကျဉ်းချခံထားရသူများထဲတွင် လူရွှင်တော် ဇာဂနာ၊ ဘလော့ဂါ နေဘုန်းလတ်တို့ သည်လည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

မြန်မာနိုင်ငံသည် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် နေရာ၌ ဖိနှိပ်ချုပ်ချယ်မှု အဆိုးရွားဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင် နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေး အဖွဲ့(CPJ) က လွန်ခဲ့သည့် ဒီဇင်ဘာလ ဆန်းပိုင်း၌ ထုတ်ပြန်ခဲ့သည်။

“စာနယ်ဇင်း လုပ်ငန်းဟာ မြန်မာပြည်မှာ အလွန် အန္တရာယ်ရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာပေ စိစစ်မှု အတင်းကျပ်ဆုံး နိုင်ငံတခုဖြစ်ပါတယ်” ဟုလည်း CPJ ၏ အစီ ရင်ခံစာတွင် ထောက်ပြထားသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) အဆိုအရ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင်ကျော် ရှိသည့် အနက် ကဗျာဆရာ၊ စာရေးဆရာများနှင့် သတင်းထောက် ၃၀ ခန့် ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment