
RCSS/SSA ခေါင်းဆောင် စ၀်ယွက်စစ်
SSA လွယ်တိုင်းလျဲန်းဌါနချုပ်နှင့်ဆွေးနွေးရန် နအဖမှလျှို့ဝှက်စွာ ဆက်သွယ်ကမ်းလှမ်းခဲ့သည်ဆိုသည့် သတင်း ‘၀’ တပ်ဖွဲ့ဌာနချုပ်၌ ပျံ့နှံ့နေခြင်းမှာ လုံးဝအခြေအမြစ်မရှိကြောင်း RCSS/ SSA ခေါင်းဆောင် စ၀်ယွက်စစ်ကငြင်းဆိုလိုက်သည်။
ထိုသတင်းကြောင့် SSA သည် နအဖနှင့်ပူးပေါင်း၍ မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်ချင်တိုက်ခိုက်နိုင်သည် ဟုထင်မှတ် နေကြောင်း ပန်ဆန်းဒေသခံ သတင်းရပ်ကွက်တချို့ကလည်း အတည်ပြုပြောဆိုသည်။
“SSA နဲ့ နအဖ ဆက်သွယ်ဆွေးနွေးကြတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီသတင်းဟာ ကောဠာဟဠပါ။ ကျနော် တို့ကို ဆက်သွယ်ဆွေးနွေးပြီး အခြားတပ်တွေနဲ့ တိုက်ခိုက်ဖို့ဆိုတာ လုံးဝလက်မခံနိုင်ပါဘူး။ အပစ်ရပ်အဖွဲ့နဲ့လက်နက်ကိုင် တိုက်ခိုက်ဆဲအဖွဲ့တို့ နားလည်မှုရှိရှိ အပြန်အလှန်ကူညီပံ့ပိုးနိုင်အောင် ကျနော်တို့ အဖွဲ့တိုင်းနဲ့ ဆွေးနွေးမယ်” ဟု စ၀်ယွက်စစ်က ရှင်းလင်းပြောကြားပါသည်။
နအဖသည် အပစ်ရပ်အဖွဲ့နှင့် တိုက်ခိုက်ဆဲလက်နက်ကိုင်အဖွဲ့တို့ ပူပေါင်းသွားမည်ကို စိုးရိမ်သောကြောင့် အပစ်ရပ် အဖွဲ့များ စိတ်ဓာတ်ကျသွားစေရန် အကွက်ဆင်ခြင်းဖြစ်နိုင်သည်ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ဆက်ပြောပြပါသည်။
“ကျနော်တို့ရဲ့ မဟာမိတ်နဲ့ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အခုအချိန်ဟာ ကျနော်တို့ အားလုံးစည်းလုံး ညီညွတ်ရမယ့်အချိန်ဖြစ်တယ်။ နအဖ ကတော့ တဖွဲ့ပြီးတဖွဲ့ ခြိမ်းခြောက်နေမှာပဲ။ အားလုံး သတိထားဖို့လိုတယ်။”
နအဖစစ်အစိုးရနှင့် SSA တို့သည် ၂၀၀၇ မေ ၂၃ ရက်နေ့၌ ထိုင်းနယ်စပ်ရှိ မယ်ဆိုင်မြို့တွင် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထား ခဲ့သော်လည်း စစ်အစိုးရဖက်က တာချီလိတ်သို့သွားတွေ့ဆုံရန် ဖိအား ပေးခဲ့သည်။ နေရာပြောင်းရွှေ့မှုကို SSA က လက်မခံပဲ နှစ်ဖက်စလုံးနစ်နာမှုမရှိဘဲ ပထမခြေလှမ်းအဖြစ် ယုံကြည်တည်ဆောက်သင့်သည့် တတိယနေရာဖြစ်သော မယ်ဆိုင်တွင်သာ တွေ့ဆုံနိုင်သည်ဟု အကြောင်း ပြန်ခဲ့သည်ကို နအဖက ပယ်ချလိုက်သောကြောင့် ယနေ့တိုင် တွေ့ဆုံဆွေးနွေးခြင်း တကြိမ်တခါမျှမရှိခဲ့ သေးပေ။
စစ်ယွတ်စစ်သည် ခွန်ဆာဦးဆောင်သော လက်နက်ချ MTA မှခွဲထွက်ပြီး SURA ခေါ်ညီညွတ်သောသျှမ်းတော်လှန်ရေး တပ်မတော်အဖြစ် ၁၉၉၆ စက်တင်ဘာ ၁၃ ရက်နေ့၌် စ၀်ကန်းယွက် ဦးဆောင်သော SSNA, စ၀်လွယ်မောဝ်ဦးဆောင်သော SSA တို့နှင့်သွားရောက် တွေ့ဆုံဆွေးနွေးပြီး အဖွဲ့တိုင်းမှ SSA အမည်ပြောင်းလဲခံယူကြရန် သဘောတူခဲ့သည်။
ထိုအကြောင်းကို နအဖထံ တင်ပြခဲ့သော်လည်း လက်မခံသောကြောင့် စ၀်ယွတ်စစ်သည် ၁၉၉၈ ဇန်န၀ါရီ ၁ ရက်နေ့တွင် SSA အဖြစ်ပြောင်းလဲပြီး လွယ်တိုင်းလျဲန်းဌာနချုပ်၌ အခြေချခဲ့ပြီး ဦးဆောင်နိုင်ငံရေး အဖွဲ့ဖြစ်သော RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ၁၉၉၉ တွင် ဖွဲ့စည်းထူထောင်ခဲ့သည်။
No comments:
Post a Comment