Pages

Subscribe

Tuesday 8 June 2010

မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံဆု (၂) ဆု ချီးမြှင့်

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးသည့် ဗြိတိန်နိုင်ငံသား ဓာတ်ပုံဆရာတဦးကို ပြင်သစ်အခြေစိုက် PX3 ဓာတ်ပုံအသင်းကြီးက ဆုများ ချီးမြှင့်လိုက်ကြောင်း ယင်းအသင်း၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဥရောပတွင် ထင်ရှားကျော်ကြားသည့် PX3 ဓာတ်ပုံအသင်းကြီးက ၂၀၁၀ ခုနှစ်အတွက် ချီးမြှင့်သည့် နိုင်ငံရေးဓာတ်ပုံ အကောင်းဆုံးဆု (၂) ဆုကို မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ James Mackay က ရရှိသွားခြင်းဖြစ်သည်။
နိုင်ငံရေးမှတ်တမ်းတင်ဓာတ်ပုံ အကောင်းဆုံးဆုအဖြစ် ချီးမြှင့်ခြင်းခံရသည့် မှတ်တမ်းဓာတ်ပုံမှာ ကလေးငယ်များ၏ ဝေဒနာ၊ လူဖန်တီးသည့် ကပ်ဘေးဒုက္ခ၏ သားကောင်များ ခေါင်းစဉ်ဖြင့် ရိုက်ကူးတင်ပြထားသည့် ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒုက္ခဝေဒနာများ ခံစားနေရသည့် မြန်မာကလေးငယ်များ၏ဘ၀ကို တင်ပြထားသည့် ဓာတ်ပုံများဖြစ်သည်။

အဆိုပါ ဓာတ်ပုံများမှာ စစ်အစိုးရအုပ်ချုပ်သည့် မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာကြသူများအနက် မယ်တော်ဆေးခန်းတွင် ကျန်းမာရေး ဆေးကုသစောင့်ရှောက်မှု ရရှိရန် စောင့်ဆိုင်းနေသည့် ထောင်ပေါင်းများစွာသော ကလေးငယ်များအနက် အချို့ကို James Mackay က မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားခြင်းဖြစ်သည်။



နိုင်ငံရေးမှတ်တမ်းတင်ဓာတ်ပုံ ဒုတိယ အကောင်းဆုံးဆုမှာ “လွတ်မြောက်သော်လည်း လွတ်လပ်မှု မရှိပါ” ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများအကြောင်း ဓာတ်ပုံရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများ ဖြစ်သည်။

ထိုဓာတ်ပုံများမှာ နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသည့် ဦးဝင်းတင် အပါအ၀င် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများက မိမိတို့ လက်ဖ၀ါးပေါ်တွင် ၎င်းတို့ လွတ်မြောက်စေလိုသူများ၏ အမည်များကို ရေးသားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်သည်။



PX3 ဓာတ်ပုံအသင်းကြီးက ဒုတိယဆု ချီးမြှင့်ပေးအပ်ခဲ့သည့် အဆိုပါ နိုင်ငံရေးအကျဉ်းသားများ ပါဝင်သည့်ဓာတ်ပုံများမှာ မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဆု (၂) ဆု ရရှိခဲ့ကာ ယခုနှစ်၌လည်း မြန်မာ့အရေးလှုပ်ရှားမှုအဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက လန်ဒန်မြို့တွင် ယခုလ (၁၅) ရက်မှ (၂၄) ရက်အထိ ပြသသွားမည်ဖြစ်သည်။

No comments:

Post a Comment