
မြန်မာအမျိုးသမီးထု လှုပ်ရှားမှုကော်မတီက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲသတ္တိနှင့် စွန့်လွတ်အနစ်နာခံမှုများကို မြန်မာအမျိုးသမီးများ အတုယူကာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်လာစေရန် ရည်ရွယ်၍့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ကျင်းပခြင်းဖြစ်သည်ဟု ကျင်းပရေးကော်မတီက ပြောသည်။
အခမ်းအနားကျင်းပရေး ကော်မတီဝင်တဦးဖြစ်သူ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မနိုးနိုးထက်စံက “အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နမူနာယူပြီး အမျိုးသမီးတွေ နိုင်ငံရေးပါဝင်နိုင်မှု မြှင့်တင်နိုင်ဖို့ ဒီနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။
မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များလည်း တက်တက်ရာက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးစားအားထုတ်မှုနှင့် ရပ်တည်ချက်များကို ဂုဏ်ပြုပြောကြားခဲ့ကြသည်။
အခမ်းအနားတက်ရောက်ခဲ့သည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) ၏ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာသိ မြန်မာသိဖြစ်တဲ့အတွက် သူ့ရဲ့မွေးနေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် ဂုဏ်ပြုကျင်းပတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် အဖွဲ့ (၈) ခုဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအမျိုးသမီးထု လှုပ်ရှားမှုကော်မတီက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၇ ခုနှစ်က စတင်ကျင်းပခဲ့သည်။
အဆိုပါအဖွဲ့၏ ယနေ့ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးတဦးဖြစ်သည့်အပြင် ကမ္ဘာက အသိအမှတ်ပြုထားသော ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် သူမ၏ခိုင်မာတည်ကြည်သော ဦးဆောင်မှုကို အသိအမှတ်ပြုဂုဏ်ယူပြီး အတုယူစေရန်၊ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာအမျိုးသမီးထု တရပ်လုံးအား ဂုဏ်ပြုခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
မြန်မာပြည်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ပူးပေါင်းကာ မနက်ဖြန်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့်မွေးနေ့ အခမ်းအနားများကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်တွင် နေရာများခွဲ၍ ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး မွေးနေ့နှင့်အတူ ဆုတောင်းပွဲများလည်း ကျင်းပမည်ဖြစ်သည်။
No comments:
Post a Comment