Pages

Subscribe

Tuesday 1 June 2010

စာပေလောကမှ လူငယ်စာရေးဆရာတဦး နိုင်ငံရေးလောကသို့ ၀င်ရောက်

မော်ဒန်အရေးအသားများဖြင့် မြန်မာနိုင်ငံ စာပေလောကတွင် နာမည်ကြီးသော လူငယ်စာရေးဆရာ ဝေမှူးသွင်က နိုင်ငံရေးလောကသို့ ၀င်ရောက်တော့မည်ဟု ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် မေ (၂၉) ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ မစ္စတာ ဘရောင်း ကော်ဖီဆိုင်တွင် အသက် (၃၂) အရွယ်ရှိ စာရေးဆရာ ဝေမှူးသွင်က မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီတွင် ၀င်ရောက်မည်ဟု ပြောဆိုခဲ့သည်။
အဆိုပါ ပါတီတွင် အထွေထွေအတွင်းရေးမှူးနေရာ တာဝန်ယူကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တခုခုကို ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်မည်ဆိုပါက ပါတီတခုခုတွင် ပါဝင်ရန်လိုသောကြောင့် အဆိုပါပါတီတွင် ပါဝင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခြေခံဥပဒေကို ကြိုက်တာ မကြိုက်တာထက် ဒီအခြေခံဥပဒေအရ ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်နိုင်မှ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းကို ၀င်နိုင်မှာဖြစ်တယ်။ အဲဒီလို ပါဝင်ပြီးမှ ဆက်လက်ဆောင်ရွက်စရာတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ဝေမှူးသွင်က ပြောသည်။

စာပေလောကမှ ရွေးကောက်ပွဲကို ပါဝင်လာသူများ မရှိသေးကြောင်း၊ ယခုအခါ လူငယ် စာရေးဆရာများအနက် ဝေမှူးသွင် တယောက်သာ ပါဝင်လာသည်ကို တွေ့ရသည့်အတွက် အားပေးကြောင်း ပြည်တွင်းမှ စာရေးဆရာတဦးက ၎င်း၏အမြင်ကို ပြောကြားသည်။

“အစိုးရကို ကြိုက်တာ မကြိုက်တာထက် ရွေးကောက်ပွဲကို ၀င်ပြီးတော့ လွှတ်တော်တရပ်ရပ်မှာ ပါဝင်ပြီးတော့ ပြည်သူတွေအတွက် ပါဝင်ဆွေးနွေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ လွှတ်တော်အတွင်း ၀င်ရောက်ကာ ပြည်သူများအတွက် တခုခုလုပ်ပေးနိုင်မည်ဟု ယုံကြည်ကာ ရွေးကောက်ပွဲဝင်မည့်သူများ ရှိနေသော်လည်း စစ်အစိုးရစိတ်ကြိုက် ရေးဆွဲထားသည့် စစ်အာဏာရှင်စနစ် ဆက်လက် ရှင်သန်မည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သူများလည်း ရှိနေသည်။

အဆိုပါ မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီကို မေလ (၁၂) ရက်တွင် မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ယခင် ၁၉၈၈ ခုနှစ်က နိုင်ငံရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတ၀န်းလုံး၌ ပါဝင်အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment