Pages

Subscribe

Tuesday 1 June 2010

ကျောက်စိမ်းအလုံးလိုက် ပြသရောင်းချခွင့် မပြု

ဇွန် (၂၅) ရက်မှစ၍ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ကျောက်မျက်လုပ်ငန်းက ရန်ကုန်တွင် ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများအား အလုံးလိုက်ပြသရောင်းချခြင်း ခွင့်မပြုဘဲ ပိတ်ပင်လိုက်သည်။

ဖြတ်ထားသည့် ကျောက်စိမ်းတုံးနှင့် ပန်းပု လက်ဝတ်ရတနာ အချောထည်အဖြစ် လုပ်ထားသည့် ကျောက်များကိုသာ လက်ခံပြီး ကျောက်တတုံးလုံးအား အရောင်တင် (ပွတ်ချော) ထားသည့် ကျောက်များ၊ အပေါ်ယံ ပွတ်တိုက်ထားသည့် ကျောက်များအား ပြပွဲတွင် ပြသရန် လက်မခံတော့ကြောင်း မန္တလေးမှ ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အင်ပိုရီယမ်တင်မယ့်ကျောက်တွေကို ပြီးခဲ့တဲ့အပတ်မှ အရောင်းထွက်ခဲ့တဲ့ ခုံ့တို့၊ ပန်းပု လုပ်မယ့်ဂွင်မျိုး အသားဆန်းတွေပဲ သယ်သွားတာ။ ဟိုရောက်တော့ လက်မခံဘူး။ ကျောက်မျက်ဌာနက ပြောတာက အထက်က လက်မခံခိုင်းလို့တဲ့။ ဘာကြောင့် အခုလို မပြရတော့သလဲဆိုတာ နားမလည်နိုင်ဘူး။ အဲလိုကျောက်တွေက ပြည်တွင်းကော ပြည်ပကော အဆွဲများတဲ့ဟာတွေပဲ” ဟု ပြောသည်။

အပေါ်အခွံများကို ပွတ်စားအရောင်တင်ထားသည့် နီညိုရောင်၊ ပျားရည်ရောင်ကဲ့သို့ အရောင်အဆင်းပါသည့် ကျောက်များအား ကျောက်လောကတွင် ခုံ့ဟု ခေါ်ကြပြီး ဖန်သားနီးပါးကဲ့သို့ အသားကြည်လင်သည့် ကျောက်များ၊ အရောင် (၃ ၊ ၄) မျိုးထက်မနည်း ပါသည့် အသားဆန်းသည့် ကျောက်တို့သည် ကျောက်ပန်းပုထည် ပြုလုပ်ရန်အတွက် ကြီးမားသည့် ဈေးကွက်တခုလည်း ဖြစ်သည်ဟု ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ကျောက်တိုင်းကို သွားဖြတ်လို့ မရဘူး။ လက်ကောက်၊ လက်စွပ်၊ နားကပ်၊ လည်ဆွဲ အဲလို အထည်တွေ လုပ်နေကြတာချည်း မဟုတ်ဘူး။ ကျောက်ပန်းပုဈေးကွက်က အဲဒီထက်သာနိုင်သေးတယ်။ ကျောက်စိမ်းတုံးကို အလယ်က ဖြတ်လိုက်တော့ ပန်းပုထုဖို့ မကောင်းတော့ဘူး။ ဈေးလည်း ကျပြီ။ ပြီးတော့ ကျောက်တုံးကို အလယ်ကဖြတ်တဲ့ကိစ္စက သိန်းဆယ်ချီ၊ ရာချီပေးပြီး ကံစမ်းရသလိုပဲ။ ဖြတ်လိုက်လို့ အထဲမှာ စိမ်းနေရင်တော့ အောင်ပြီပေါ့၊ ပွပေါက် တိုးပြီပေါ့။ မဟုတ်ရင်တော့ ရှုံးပြီ၊ မွဲပေါ့။ အဲလိုကျတော့ ဒေါ်ကြိုင်ကြိုင်တို့၊ နိုင်ဂရုတို့လောက်ပဲ လုပ်နိုင်တာ” ဟု ပြောသည်။

ပြီးခဲ့သည့် ကျောက်မျက်ပြပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ ကြိုင်အကျိုးတူကုမ္ပဏီ၊ သားပိုင် နိုင်ဂရု ကုမ္ပဏီတို့က ဖားကန့်မြို့နယ်၊ မှော်ဆီဇာဒေသမှ ထွက်သည့် ကျောက်များကို အများအပြား ပြသခဲ့သည်ဟု မန္တလေး ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ဒေါ်ကြိုင်ကြိုင်တို့ သားအမိတွေလုပ်နေတဲ့ မှော်ဆီဇာ- ဆိုင်းဂျာဘွမ်မှော်က ကျောက်ကောင်းတွေ ထွက်တယ်။ သူတို့ကျတော့ ဖြတ်အားလည်း ရှိတယ်။ ယူရိုငွေ တသောင်းရလည်း အမြတ်ပဲ၊ နှစ်သောင်းရလည်း အမြတ်ပဲ။ ဘာအခွန်ဆောင်စရာမှ မလိုဘူး။ ကျောက်ကောင်းတွေ ထွက်တဲ့နေရာမှာ စိတ်ကြိုက်လုပ်နေကြတဲ့ ဟာတွေနဲ့ ကျနော်တို့ ပြိုင်ရောင်းလို့မှ မရတာ။ သူတို့က ဖြတ်ထားတဲ့ ကျောက်တွေပဲ ရောင်းနေတာ။ သူတို့လို မဖြတ်နိုင်ရင် လာမရောင်းနဲ့ဆိုပြီး အမိန့်ထုတ်တဲ့သဘောပဲ။ ကျနော်တို့လို ကျောက်တွေကလည်း တပတ်တပတ် ရောင်းကြေး ယူရို (၁ဝ) သန်းလောက် အနည်းဆုံးရှိတယ်။ ပြပွဲမှာ မရောင်းရတော့ နယ်စပ်ကို မှောင်ခိုထုတ်ဖို့ပဲ ရှိတော့တာပေါ့။ အခုလို ပိတ်တော့ အစိုးရလည်း အခွန်မရဘူး” ဟု ပြောသည်။

ရန်ကုန်ရှိ ကျောက်မျက်ပြပွဲများကို သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ကျောက်မျက်လုပ်ငန်းက ကြီးမှူး၍ တနှစ်လျှင် (၃) ကြိမ်၊ မြန်မာ့စီးပွားရေးဦးပိုင်က (၂) ကြိမ်နှုန်းဖြင့် ကျောက်မျက်ပြပွဲများ ကျင်းပနေရာ မြန်မာ့ကျောက်မျက်လုပ်ငန်းက ပြသသည့် ကျောက်မျက်ပြပွဲများကို ပြည်တွင်းပြည်ပ ကျောက်လုပ်ငန်းရှင်များက ပိုပြီး စိတ်ဝင်စားကြကာ လာရောက်သူလည်း များပြားသည်။

ကျောက်မျက်ပြပွဲတွင် ကျောက် ပြသရောင်းချပါက ရောင်းရငွေ၏ (၁ဝ.၃) ရာခိုင်နှုန်းအား ကျောက်မျက်ဌာနထံ အခွန်ပေး ဆောင်ရသည်။

No comments:

Post a Comment