Pages

Subscribe

Thursday 13 December 2007

အမေရိကန် ပန်းပုဆရာက မင်းကိုနိုင် ရုပ်တု ထုလုပ်ဂုဏ်ပြု

ဧရာဝတီ ဒီဇင်ဘာ ၁၃၊ ၂၀၀၇

အမေရိကန် ပန်းပုဆရာ ဂျင်မ် မက်နာလိစ် (Jim McNalis) က သူ၏ နောက်ဆုံး ကြိုးပမ်းချက်အဖြစ် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူ မင်းကိုနိုင်၏ ကိုယ်တပိုင်းရုပ်တုကို ထုလုပ်ဂုဏ်ပြုပြီး လူကိုယ်တိုင် လက်ဆောင်ပေးရန် စဉ်းစားထားသည်။




သူ၏ ဖလော်ရီဒါရှိ စတူဒီယိုခန်းထဲ၌ ခရီးထွက်ရန် အိတ်များ၊ အထုပ်အပိုးများ ထုပ်ပိုးပြင်ဆင် နေဆဲတွင် မင်းကိုနိုင် ပြန်လည်အဖမ်းခံလိုက်ရကြောင်း မက်နာလိစ် ကြားလိုက်ရသည်။ အချိန်က ရန်ကုန်တွင် စက်တင်ဘာလ ဆန္ဒပြပွဲများ ဖြစ်လာတော့မည့် ကနဦးလှုပ်ရှားမှုကာလ ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ရန်ကုန်ကိုတော့ ရောက်အောင် ကျနော်သယ်သွားမယ်”ဟု မက် နာလိစ်က ထိုင်းနိုင်ငံတွင် မင်းကိုနိုင်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကို ပြောပြခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သူ့မိသားစုကတော့ ကြိုက်မှာပဲ။ ကျနော့်အနေနဲ့ တကယ့်သတ္တိခဲ လူသားတဦးကို ကျနော်ကြည်ညိုတဲ့အကြောင်း ပြလို့ရတာပေါ့” ဟုလည်း မက်နာလိစ်က ဆိုသည်။

အလားတူ ခေါင်းဆောင်အများစု၏ ပုံတူရုပ်တုများလည်း မက်နာလိစ် ဖန်တီးခဲ့ဖူးသည်။ ဥပမာအားဖြင့် ကရင်ခေါင်းဆောင် ဘိုမြ၊ မန္တလေးမှ နုတ်ခမ်းမွေးညီအစ်ကို လူရွှင်တော်များ၏ ပုံများကို ထုလုပ်ခဲ့ဖူးသည်။ သူက မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုပ်ပြောင် ကိုယ်တပိုင်းပုံကိုပင် ထုလုပ်ခဲ့ဖူးသေးသည်။

မက်နာလိစ်သည် ဟောလိဝုဒ် ရုပ်ရှင်လောကတွင် နာမည်ကြီး အနုပညာပစ္စည်းများ ဖန်တီးသူတဦးဖြစ်ခဲ့ပြီး ယခုအခါ သူ၏ လုပ်အားနှင့် အနုပညာ ဖန်တီးမှုအများစုကို မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်သာ အားသွန်၍ တစိုက်မတ်မတ် ဆောင်ရွက်နေခဲ့သည်။ မင်းကိုနိုင်ကဲ့သို့သော သူရဲကောင်းများက သူ့ကို စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့ကြောင်း ဧရာဝတီသို့ ပြောပြခဲ့သည်။

မင်းကိုနိုင်ထံသို့ရေးသည့် သူ၏စာတွင် “လူသားတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မြတ်မှုတန်ဖိုးဟု ကျနော်ရည်ညွှန်း ခေါ်ဆို လိုသည့် ထူးခြားထင်ရှားလှသည့် အဖွဲ့အစည်းဝင်များက ကျနော့်အပေါ် အလေးပေး အာရုံထားခဲ့ကြသည့်အတွက် ၀မ်းသာ ရသလို ဂုဏ်လည်း ယူမိပါသည်” ဟု ဖော်ပြခဲ့သည်။

“ကျနော်တို့သည် အမှန်အတိုင်း ပြုမူကျင့်ကြံရပါမည်။ အမှန်တရားအတွက် စံနမူနာများ ဖြစ်ရပါမည်။ အချင်းချင်း အပြန် အလှန် သက်ဝင်ယုံကြည်မှု ရှိကြဖို့လိုပါသည်။ ကျနော်တို့၏ အရည်အချင်းများနှင့် ခွန်အားများကို တရားမျှတမှုနှင့် လူ့ အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေကြသော ကျနော်တို့၏ ညီအစ်ကို မောင်နှမများအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ သုံးစွဲကြ ရန်လည်း ကျနော်တို့ကိုယ် ကျနော်တို့ တောင်းဆိုကြရပါလိမ့်မည်”ဟု လည်း ၎င်းက ဆိုသည်။

မက်နာလိစ်က “ဤရုပ်တုကို မြန်မာပြည်သူတို့ကိုယ်စား သင်လုပ်ဆောင်ခဲ့သမျှသော လုပ်ရပ်များအားလုံးအတွက် ထောက်ခံ ပံ့ပိုးမှုအဖြစ်၊ ကျနော်၏ ကြည်ညိုလေးစားမှု ပြယုဂ်အဖြစ် လက်ခံပါရန်”ဟု မင်းကိုနိုင်သို့ မေတ္တာရပ်ခံခဲ့သေးသည်။

“တနေ့နေ့ တချိန်ချိန်တွင် ကျနော်တို့ ဆုံစည်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်” ဟုလည်း သူရေးခဲ့သည်။
“ဒီလို နေ့ရက်မျိုးက ဘယ်အချိန် ဖြစ်လာမှာလဲတော့ ကျနော်မသိပါဘူး” ဟု သူက ဧရာဝတီသို့ ပြောခဲ့သည်။ “မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ တနေ့ပေါ့”ဟုလည်း သူကမှန်းဆ၍ ပြောဆိုသွားသည်။
၂၀၀၇ ခုနှစ် ဒီဇင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ US Sculptor Honors Min Ko Naing ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments:

Post a Comment