Pages

Subscribe

Thursday 13 December 2007

ကျောင်းသား အယောင်ဆောင် လုံခြုံရေးများ တက္ကသိုလ်များ၌ တိုးမြှင့်ချထား

ကြည်ဝေ | ဒီဇင်ဘာ ၁၁၊ ၂၀၀၇

အဝေးသင် အနီးကပ်သင်တန်းများ ပို့ချလျှက်ရှိသော တက္ကသိုလ်များတွင် ကျောင်းသား အယောင်ဆောင် အရပ်ဝတ် လုံခြုံရေးများကို စစ်အစိုးရက ယခင်နှစ်များထက်တိုးမြှင့်ချထားပြီး ရှာဖွေစုံစမ်းခြင်းများ ပြုလုပ်သောကြောင့် စာသင်ကြားမှု အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ယခင်ထက် ဆခန့်လုံခြုံရေး ယူထားသော အဆိုပါ အရပ်ဝတ်ရဲနှင့် ထောက်လှမ်းရေးများသည် ကျောင်းသူ ကျောင်းသား များစုဝေးနေသည်ကိုတွေ့ရှိပါက ဆရာ ဆရာမများကိုခေါ်၍ လူစုခွဲခိုင်းခြင်း၊ မသင်္ကာသော ကျောင်းသူကျောင်းသားများ၏ လွယ်အိတ်များကို ရှာဖွေခြင်းများ ပြုလုပ်သောကြောင့် စာသင်ကြားရေးတွင် အခက်အခဲ အနှောင့်အယှက်ဖြစ်လျှက်ရှိ သည်ဟု ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများက ပြောပြသည်။

အခန်းတိုင်းမှာ ကျောင်းသားမဟုတ်တဲ့ အရွယ်တွေနဲ့ ထောက်လှမ်းရေးတွေ အများကြီးပဲ၊ ကျောင်းသားယောင်ဆောင် ထားပေမယ့် ကျောင်းသားအစစ် မဟုတ်တော့ သိသာတယ်၊ အရင်ကထက် တဆခွဲလောက်ပို ချထားတာတွေ့ရတယ်ဟု ရန်ကုန်တိုင်း တာဝ တက္ကသိုလ်က ကထိက ဆရာမတဦးက ပြောသည်။

ယင်း အရပ်ဝတ်လုံခြုံရေးများက ကျောင်းသားကျောင်းသူ လေးငါးဦးခန့် ရပ်ပြီးစကားပြောနေလျှင် အနားသွားရပ်၍ သိသိ သာသာ နားထောင်နေခြင်း၊ စာသင်ခန်းထဲတွင် စာသင်နေလျှက်ကပင် မကြာခဏ အ၀င်အထွက်ပြုလုပ်ခြင်းများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ၎င်းကဆိုသည်။

သူတို့တွေက တကယ့်ကျောင်းသားတွေလည်း မဟုတ်တော့ စာသင်ခန်းထဲမှာ ရှုပ်နေတာပေါ့၊ စာသင်ရတာကို အနှောင့် အယှက်ဖြစ်စေတယ်၊ တကယ့်ကျောင်းသားတွေလို ဆရာတွေဆရာမတွေ အပေါ်မှာလည်း ဂါရ၀တရား မရှိကြဘူး၊ စာသင် ခန်းထဲကို ၀င်ချင်သလိုဝင်တယ်၊ ထွက်ချင်ရင်လည်း ခွင့်မတောင်းဘဲ ထွက်သွားကြတာဟု အထက်ပါ ဆရာမက ပြောသည်။

ထိုသို့ လုံခြုံရေး တင်းကျပ်ထားသော်လည်း ဒီဇင်ဘာ ရက်နေ့က တာဝ တက္ကသိုလ် ဒဿနိကဗေဒဌာန စာသင်ခန်းတခု၏ ကျောက်သင်ပုန်းပေါ်တွင် သန်းရွှေ လူသတ်သမား၊ သံဃာတော်တွေကို သတ်တဲ့ မိစ္ဆာအစိုးရဟူသော စာတန်းကို မည်သူ ချိတ်ဆွဲသွားမှန်းမသိရဘဲ မိနစ်အတော်ကြာသည်အထိ ၎င်းအပါအ၀င် ကျောင်းသားများ ဖတ်ရှုခွင့်ရလိုက်သည်ဟု ဒုတိယ နှစ်ကျောင်းသားတဦးက ပြောသည်။

ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်များအပါအ၀င် ရန်ကုန်တိုင်းအတွင်းရှိ အဝေးသင် အနီးကပ် သင်တန်းပို့ချလျှက်ရှိသော တက္ကသိုလ်များနှင့် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ တက္ကသိုလ်များအတွင်းသို့ သက်ဆိုင်ရာဒေသ များမှ စစ်ထောက်လှမ်းရေးများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် ရဲသတင်းပေးများကို စစ်အာဏာပိုင်များက ကျောင်းသားအယောင် ဆောင်စေ၍ လုံခြုံရေးတင်းကျပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ကျောင်းဖွင့်စဉ်ကာလအတွင်း ဆူပူမှုတစုံတခုဖြစ်ပွားပါက သက်ဆိုင်ရာ ကျောင်း၊ ဌာနအတွင်းရှိ ဆရာ ဆရာမများ၏ တာဝန်ပေါ့ဆမှုကြောင့်ဟု ယူဆ၍ ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း တက္ကသိုလ် ကျောင်းအသီးသီးတွင် စာထုတ်ထားသည်ဟု တက္ကသိုလ်အသိုင်းအ၀န်း၏ ပြောကြားချက်အရ သိရသည်။

ကလေးတွေ အနီးကပ်တက်ရတာက ရက်ပိုင်းပဲရှိတာဆိုတော့ ကျမတို့ကလည်း စာပဲ ကောင်းကောင်း သင်ချင်တယ်၊ ခုဆို လုံခြုံရေးတွေကိုပါ တာဝန်ယူခိုင်းပြီး ဆရာ ဆရာမတွေအပေါ် ဖိအားပေးနေတာကတော့ ဆိုးလွန်းတယ်ဟု ဒဂုံတက္ကသိုလ် မှ ဆရာမတဦးက ပြောသည်။

Source: The Irrawaddy

No comments:

Post a Comment