Pages

Subscribe

Thursday 15 July 2010

ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ဈာပန စည်ကား

ရန်ကုန်မြို့ ရေဝေး သုသာန်၌ ယနေ့ နေ့လယ်က ပြုလုပ်သော နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ၏ ဈာပန အခမ်းအနားကို နိုင်ငံရေး၊ စာပေနှင့် အနုပညာ နယ်ပယ်စုံမှ စည်ကားစွာ လိုက်လံပို့ဆောင် ကြကြောင်း သတင်းရရှိသည်။

ဆရာကြီး နန်းညွန့်ဆွေ၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
“နိုင်ငံရေးနဲ့ စာပေ အနုပညာ နယ်ပယ်က များတယ်။ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေလည်း လာတယ်။ ဆရာကြီးကို ချစ်ခင်တဲ့ နယ်ပယ်စုံက လူတွေ လာတာ ထောင်ကျော်မယ်”ဟု ဈာပန လိုက်ပါ ပို့ဆောင်ခဲ့သူ စာနယ်ဇင်းသမား တဦးက ပြောသည်။

ယမန်နေ့ ညနေက ဆရာကြီးကွယ်လွန်ပြီး ယနေ့ နေ့လယ်တွင် သင်္ဂြိုဟ်သောကြောင့် ဆရာကြီး နန်းညွန့်ဆွေ၏ ကိုယ်ရေး အကျဉ်း လက်ကမ်းစာစောင်ပင် ရိုက်နှိပ်ချိန် မရလိုက်ကြောင်း၊ ဆရာကြီးကို ချစ်ခင်လေးစားကြသူ အားလုံးကို အကြောင်း ကြားချိန် မရလိုက်ကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောဆိုသည်။

“မနေ့က ညနေ ၅ နာရီလောက်က ဆုံးသွားတယ်။ ဆုံးတဲ့ အချိန်ဘေးမှာ သားလတ် ကိုတေဇ ရှိနေတယ်။ အိပ်ရင်းနဲ့ပဲ ဆုံးသွားတာ။ မကွယ်လွန်ခင်က ကိုသူရ(ဇာဂနာ)ဆီတော့ စာတစောင်ရေးထားခဲ့တယ်။ ကျမလည်း ဖတ်တော့ဖတ်မကြည့် ရသေးဘူး”ဟု ဇာဂနာ၏ ခယ်မ မငြိမ်းက ပြောသည်။

အသက် ၈၇ နှစ်အရွယ်ရှိ ဆရာကြီး နန်းညွန့်ဆွေသည် မကွယ်လွန်မီက အနည်းငယ် ဖျားနေကြောင်း၊ နေ့လယ်တွင် အိုဗာတင်းနှင့် မုန့်အနည်းငယ်စားပြီး အိပ်သွားရာမှ ညနေ ၅ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် လူရွှင်တော် ဇာဂနာ (ကိုသူရ) ၏ ဖခင် ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ ကို ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲကျေးရွာစုရှိ ရပ်သာရွာတွင် ၁၉၂၃ ၌ ဖွားမြင်သည်။ ဆင်မြီးဆွဲ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း၊ ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ရန်ကုန်သို့ရောက်ရှိ၍ ဂျပန် ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးအဖြစ် ဝင်ရောက် အမှုထမ်းသည်။ ၁၉၄၄ တွင် ဂရိတ်တားအာရှ သတင်းစာ ကဗျာပြိုင်ပွဲတွင် ဆုရရှိသည်။

ဖက်ဆစ်တော်လှန်ရေး ကာလတွင် ဆင်မြီးဆွဲသို့ ပြန်၍ အာရှ လူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။ ၁၉၄၇ တွင် မြန်မာ့ အလင်းသတင်းစာ၌ “ပြည်မောင်ညွန့်” ဟူသော ကလောင်အမည်ဖြင့် ကဗျာရေးသားပြီး စာပေလောကသို့ စတင်ဝင်ရောက် သည်။

၁၉၄၈ မှ ၁၉၅၃ ခုနှစ်အထိ ပြန်ကြားရေးဌာန၊ ရုပ်ရှင်နှင့် ပြဇာတ် ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိစသည့် တာဝန်များ ယူခဲ့သည်။ ထို့နောက် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဗိမာန်တွင် သုတေသနမှူး အဖြစ်လည်း ဆောင်ရွက်သည်။

၁၉၅၀ ပြည့်နှစ်တွင် “နန်းညွန့်ဆွေ” ကလောင်အမည်ကို ဟံသာဝတီ သတင်းစာတွင် စတင် အသုံးပြုသည်။ မြန်မာနိုင်ငံ စာရေး ဆရာအသင်း တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်နှင့် ဒုဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်း အလုပ်အမှုဆောင်လည်း ဖြစ်သည်။

ကဗျာစာအုပ်၊ ကဗျာဖွဲ့နည်း စာအုပ်များကိုလည်း ပြုစုသည်။ ရွှေတိုင်ညွန့်၊ သဟာယ ဆရာတင်၊ မိုးဒေဝါ ဒေါ်လှရွှေ၊ အလင်္ကာကျော်စွာ ဦးဟန်ပ စသည့် အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိများကိုလည်း ပြုစုခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း၊ ဦးကုလား မဟာရာဇဝင်၊ ဟံသာဝတီ ဆုံးမစာ ပေါင်းချုပ်၊ မုဒုလက္ခဏပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒိသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ်ခဲ့သည်။

နိုင်ငံရေး သီချင်းများ စာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်းတမ်း၊ မြန်မာ့ ယဉ်ကျေးမှု စာတမ်းများလည်း ရေးသား ဖတ်ကြားခဲ့သည်။

ဂီတအနုပညာနှင့် ပတ်သက်၍ မဟာဂီတ သီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) နှင့် မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်း တို့ကိုလည်း ရေးသားပြုစုသည်။

ခေတ်ဟောင်း စာပေ ဂီတ ယဉ်ကျေးမှု ဆောင်းပါးများကို ရေးသားခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် စာပေ ဟောပြောသဖြင့် စစ်အစိုးရက စာပေရေးသားခွင့် ပိတ်ထားခဲ့သည်။ သို့သော် “သုခမိန်” အမည်ဖြင့် ကွယ်လွန်ခါနီးအထိ စာပေရေးသားခဲ့သည်ဟု သိရသည်။

ဆရာကြီး နန်းညွန့်ဆွေနှင့် ဆရာမကြီး ဒေါ်ကြည်ဦးတို့တွင် သား ၃ ဦး ရှိပြီး ကိုဝဏ္ဏ (ကွယ်လွန်)၊ ကိုတေဇနှင့် ကိုသူရ (ဇာဂနာ) တို့ ဖြစ်သည်။ ကိုဇာဂနာ တဦးသာ အိမ်ထောင်ကျပြီး သားသမီး ၂ ဦး ထွန်းကားသည်။

ဆရာကြီး နန်းညွန့်ဆွေ၏ ဇနီးဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦးသည် ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဒေါ်ကြည်ဦးသည် ကိုလိုနီခေတ်မှ ယနေ့ ဒီမိုကရေစီ ခေတ်အထိ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဆရာကြီး နန်းညွန့်ဆွေ (ဓာတ်ပုံ - ကျော်သူ/နာရေး ကူညီမှုအသင်း)

“ဇာဂနာက သူ့အမေရဲ့ ပါရမီမျိုး ရခဲ့တယ်”ဟု ဆရာကြီး နန်းညွန့်ဆွေက ဒေါ်ကြည်ဦး ကွယ်လွန်စဉ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

ကိုဇာဂနာသည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက် အကူအညီပေးနေသော ကိုဇာဂနာအား အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင် တရားရုံးတွင် အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် စုစုပေါင်း အနည်းဆုံး ပုဒ်မ ၅ ခု ဖြင့် တရားစွဲဆိုခြင်း ခံရကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အီလက်ထရွန်နစ် အမှု တခုကို ထောင်ဒဏ် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ်လျှော့ပေါ့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံရန်ရှိနေသေးသည်။

ကိုဇာဂနာကို အကျဉ်းချထားသော မြစ်ကြီးနားထောင်မှာ ဝေးလံသဖြင့် ဆရာကြီး နန်းညွန့်ဆွေသည် မကွယ်လွန်မီ အချိန် အထိ သွားရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။ ဖခင်ကွယ်လွန်သွားကြောင်း ကိုဇာဂနာကို အာဏာပိုင်များမှ တဆင့် အကြောင်းကြားသည်ဟု မငြိမ်းက ပြောသည်။

ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။

No comments:

Post a Comment