ပျဉ်းမနား မြို့နယ် ပန်းခင်း ကောသစ် ရပ်ကွက်နှင့် လူနေရပ်ကွက် တချို့၌် ကြွက်မှတဆင့် ကူးစက် တတ်သော အသားဝါ ရောဂါတမျိုး ဖြစ်ပွားသူများ ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိ ရသည်။
အဆိုပါ အသားဝါရောဂါကြောင့် ဆေးရုံတက်ကုသခံနေရသူ ၅ ဦးထက် မနည်းရှိနေကြောင်း ပန်းခင်းကောသစ်ရပ်ကွက်တွင် နေထိုင်သူ တဦးကပြောသည်။
“ဖျားတဲ့လူတွေ တော်တော်များတယ်၊ ပလိပ်ရောဂါမဟုတ်ဘူးလို့ ပြောတယ်။ ကြွက်ကြောင့်ဖြစ်တဲ့ အသားဝါ ရောဂါလို့ပဲ အကြမ်းဖျင်း ပြောတယ်” ဟု ပျဉ်းမနားဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတဦးက ဆိုသည်။
ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါရောဂါကို ဆေးပညာအရ Leptospirosis ဟု ခေါ်ဝေါ်ကြောင်း၊ ကြွက်၊ ၀က်၊
ခွေး၊ နွား စသည်တို့၏ ကျင်ငယ်ရည်နှင့် ပွန်းရှဒဏ်ရာရှိသော လူတို့၏ အရေပြားထိမိရာမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက် တတ်ခြင်း ဖြစ်ကြောင်း၊ တုပ်ကွေးရောဂါနှင့် Leptospirosis မှာ လက္ခဏာချင်း ဆင်တူကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။
“ဒီရောဂါက ကူးစက်ခံရပြီး တပတ် နှစ်ပတ်အတွင်းမှာ စဖျားကြတာ။ စပြီး အဖျားပိုးဝင်တယ်၊ ခေါင်းကိုက်တယ်၊ ကိုယ်လက် မအီမသာ ဖြစ်တယ်၊ ကိုယ်လက်ကိုက်တယ်၊ သူက တုပ်ကွေးနဲ့ဆင်တယ်၊ ထူးခြားတာကတော့ မျက်လုံးနဲ့ အသားဝါတယ်” ဟု
သူက ဆိုသည်။
အဆိုပါရောဂါ၏ တခြားသော လက္ခဏာများအဖြစ် ချောင်းဆိုးသွေးပါခြင်း၊ မျက်လုံးအိမ်နာခြင်း၊ ခြေသလုံး ကြွက်သား
နာခြင်းများ ခံစားရပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့် ရောဂါဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
နေပြည်တော်နှင့် ပျဉ်းမနားမြို့ပေါ်ရှိ လူနေရပ်ကွက်များတွင် မိမိပတ်ဝန်းကျင်၌ ကြွက်ခိုအောင်း ပေါက်ပွားမှု မရှိစေရေး အတွက် အမှိုက်နှင့် စားကြွင်းစားကျန်များအား စနစ်တကျ စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ကြွက်များ ရုတ်တရက် သေဆုံးသည်ကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဋ္ဌာနများသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက မှာကြား ထားသည်ဟု သိရသည်။
“ဆေးရုံက ဆရာဝန်တွေကလည်း ဘာကြောင့်ဖြစ်တယ်၊ တုပ်ကွေးလား၊ အသားဝါရောဂါလား ဆိုတာကို သေချာ မပြောဘူး။ လူနာတွေက ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်မှန်း မသိကြဘူး။ သေသွားတဲ့သူတွေ ရှိတယ်လို့တော့ ဆေးရုံဝန်ထမ်း တွေက ပြောတယ်” ဟု ပျဉ်းမနားဒေသခံတဦးက ဆိုသည်။
ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါ ရောဂါဖြစ်ပွားသူများနှင့် တုပ်ကွေးရောဂါ ဖြစ်ပွားသူများအား ပျဉ်းမနား ဆေးရုံတွင်သာ ဆေးကုသမှု ပေးလျက်ရှိပြီး လူနာများနှင့် လူနာရှင်များအား မည်သည့် ရောဂါဖြစ်နေကြောင်းကို
ရှင်းလင်း ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
ယခုနှစ် ဇွန်လအတွင်း ပျဉ်းမနားနှင့် နေပြည်တော်ရှိ ကျေးရွာများသို့ ကြွက်များ ထောင်နှင့်ချီ၍ အုပ်စုလိုက်ပြောင်းရွှေ့ခြင်း၊ တောနေကြွက် ၅ ကောင်မှ အကောင် ၂၀ အထိ သေဆုံးခြင်းများရှိခဲ့ကြောင်း၊ ထို့အပြင် ဇွန်လအတွင်းက ပဲခူးတိုင်းရှိ ဖြူးမြို့ ကျောက်တံခါးနှင့် ကျေးရွာတချို့တွင် ကြွက်များ အုပ်စုလိုက်ပြောင်းရွှေ့ခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အထိ လူသို့ ပလိပ်ရောဂါ ကူးစက်ခြင်း မတွေ့ရသေးကြောင်း သိရသည်။
ကြွက်နှင့် ကြွက်လှေးများအား ရန်ကုန် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲဌာနတွင် ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ယနေ့အထိ
ပလိပ်ရောဂါပိုး မတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက ဇူလှိုင်လ ၁၂ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ကြွက်များသည် မိုင်နှင့်ချီကာ ရွှေ့ပြောင်းသွားလာနေခြင်းကြောင့် တကောင်နှင့်တကောင် အစာလုရာမှ ကိုက်ဖြတ်ကြခြင်း၊ ရေလျှံခြင်း၊ အဆိပ်မိခြင်းနှင့် ကြွက်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းများကြောင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ၎င်း သတင်းစာတွင် ရေးသားထားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဋ္ဌာန၏ ကြွက်ကာကွယ်နှိမ်နင်းရေး နှိုးဆော်ချက်များကိုလည်း အစိုးရပိုင် သတင်းစာများတွင် ရက်ဆက် ဖော်ပြထားကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် ပလိပ်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ၅ ကြိမ်ကျရောက်ခဲ့ဖူးရာ ၁၉၃၅ ခုနှစ်တွင် သာယာဝတီ၌ လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင် သထုံ၌လည်းကောင်း၊ ၁၉၄၆ ခုနှစ်တွင် ညောင်လေးပင်နှင့် ရန်ကုန်တို့၌ လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌လည်း ကောင်း ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါ Leptospirosis ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍မူ မှတ်တမ်းတင်ထားသည်ကို မတွေ့ရှိရပေ။
ဧရာဝတီသတင်းထောက် ခိုင်သွယ် ရေးသားသည်။
Thursday, 15 July 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment