Pages

Subscribe

Wednesday 2 June 2010

ကြေးမုံကြော်ငြာ သတ်မှတ်နှုန်းထက် ပိုပေးမှ အမြန်ပါ

မီးလောင်သွားသည့် မင်္ဂလာဈေးဆိုင်ခန်း ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ကြော်ငြာများကို ယခုရက်ပိုင်းအတွင်း ကြေးမုံသတင်းစာ၌ ထည့်သွင်း ကြော်ငြာနေကြရာတွင် သတ်မှတ်နှုန်းထက် ပိုမိုပေးဆောင်ပါက အမြန်ဖော်ပြပေးကြောင်း ဆိုင်ခန်းပိုင်ရှင်တို့က ပြောသည်။

ထိုသို့ ပေးဆောင်ကြရာ၌ ထည့်သွင်းဖော်ပြမည့် ကော်လံ၊ လက်မအလိုက် အပိုကြေး (၅,၀၀၀) ကျပ်မှ (၁၀,၀၀၀) ကျပ်အထိ ပေးသွင်းနေကြရသည်ဟု သိရသည်။

မင်္ဂလာဈေး မြေညီထပ် အထည်ဆိုင်ပိုင်ရှင်တဦးက “စာမျက်နှာ (၁၇) က ကြော်ငြာအချပ်ပိုမှာ ထည့်လိုက်ပါတယ်။ (၂) ကော်လံ (၃) လက်မ (၆) ယူနစ် ခေါ်မှာပေါ့။ (၁) လက်မ (၁) ကော်လံ (၁) ယူနစ် (၇,၅၀၀) ကျပ်နဲ့ (၆) ယူနစ်အတွက် (၄၅,၀၀၀) ကျပ် ပြေစာထွက်ပါတယ်။ စာရေးမကို (၅,၀၀၀) ကျပ် အပိုပေးလိုက်တော့ (၃) ရက်ပဲ စောင့်ရတယ်” ဟု ပြောသည်။

အထည် ဖြန့်ချိရေးဆိုင်ရှင်တဦးက “ပုံမှန် ကြော်ငြာစာမျက်နှာဖြစ်တဲ့ (၁၃၊ ၁၄) မှာ ပါဖို့ ခက်တယ်ပြောတယ်။ (၁) ယူနစ် (၁၀,၀၀၀) ကျပ်နဲ့ (၄) ယူနစ်အတွက် (၄၀,၀၀၀) ကျပ် ပေးသွင်းလိုက်တယ်။ တာဝန်ခံကို (၁၀,၀၀၀) ကျပ် အပိုပေးတာတောင် (၅) ရက် စောင့်ရတယ်” ဟု ပြောသည်။

ကြော်ငြာထည့်သွင်းနေကျ လုပ်ငန်းရှင်များသည် ရန်ကုန်မြို့၊ ကြေးမုံသတင်းစာတိုက် ကြော်ငြာတာဝန်ခံ ဒေါ်စန်းစန်းမြင့်ထံသို့ တိုက်ရိုက်ဝင်တွေ့လေ့ရှိပြီး လုပ်ငန်းမြန်ဆန်ချောမွေ့ခဲ့ကြသည်ဟု သိရသည်။

ကြော်ငြာသစ်ထည့်မည့် မင်္ဂလာဈေး ဆိုင်ခန်းရှင်များမှာမူ ကြော်ငြာဌာန စာရေးမနှစ်ဦးက “နေရာကျပ်နေတယ်။ (၁) ပတ် (၁၀) ရက် စောင့်ရမယ်။ အမြန်ပါချင်ရင် တာဝန်ခံနဲ့ သွားတွေ့ပါ” ဟု ပြောဆိုကာ အအော်အဟောက်ခံနေရကြောင်း သိရသည်။

“သတ်မှတ်နှုန်းအတိုင်း ငွေသွင်းထားပေမယ့် ကြာမယ်။ ထည့်လိုတဲ့ရက် ပါချင်မှလည်း ပါမယ်။ ကြော်ငြာအမြန်ပါချင်ရင် ငွေပိုပေးလို့ စာရေးမတွေက ဗြောင်ကိုပြောတာ။ ကျမတို့က ပစ္စည်းတွေ မီးလောင်ဆုံးရှုံးထားလို့ စိတ်တွေ ရှုပ်နေကြတာ။ အဲဒီနေ့က အတော်သည်းခံခဲ့ရတယ်” ဟု ဆေးဆိုင်ပိုင်ရှင်တဦးက ပြောသည်။

စာရင်းကိုင် သင်တန်းကျောင်းဆရာတဦးကလည်း ၎င်းအနေဖြင့် သင်တန်းဖွင့်မည့်ရက်မတိုင်ခင် (၁၀) ရက်ခန့်က ကြိုတင် ကြော်ငြာထည့်ခဲ့သော်လည်း သင်တန်းဖွင့်သည့်တိုင် ကြော်ငြာပါမလာသည့်အတွက် ငွေလက်ခံဖြတ်ပိုင်းပြ၍ သွားရောက်ပြောဆိုခဲ့ရာတွင် ကြော်ငြာများကျပ်နေကြောင်း၊ မကျေနပ်ပါက ငွေပြန်ထုတ်သွားနိုင်ကြောင်း မောက်မာစွာ ပြောဆိုခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

စကားပြော သင်တန်းဆရာတဦးကလည်း “သင်တန်းဖွင့်ရက်နဲ့ သတင်းစာကြော်ငြာကို ချိန်ပြီး လုပ်ထားတာ။ အဲဒါ ဘယ်နေ့ပါအောင် ကြိုးစားပေးပါလို့ အကူအညီတောင်းမိပါတယ်။ အဆင်ပြေတဲ့ရက် ထည့်ပေးမယ်။ ကြိုးချည်ထားသလို ကျိန်းသေမပြောနိုင်ဘူးလို့ အဟောက်ခံခဲ့ရတယ်” ဟု ပြောဆိုသည်။

ကြေးမုံသတင်းစာ၏ သတ်မှတ်ကြော်ငြာနှုန်းမှာ အချပ်ပို စာမျက်နှာ (၁၅၊ ၁၆၊ ၁၇၊ ၁၈) တွင် ထည့်သွင်းလိုက (၁) ယူနစ် (၇,၅၀၀) ကျပ်၊ ပုံမှန်စာမျက်နှာ (၁၃၊ ၁၄) တွင် (၁) ယူနစ် (၁၀,၀၀၀) ကျပ် ဖြစ်သည်။ မြန်မာ့အလင်းသတင်းစာ ကြော်ငြာနှုန်းမှာလည်း ၎င်းနှင့် သိပ်မကွာဟု သိရသည်။

မဂ္ဂဇင်း၊ ဂျာနယ် ကြော်ငြာများအနေဖြင့် ပုံမှန်စာမျက်နှာတွင် ထည့်သွင်းဖော်ပြလိုက နေပြည်တော်သို့ တင်ပြရ၍ (၂) ရက် စောင့်ဆိုင်းရကြောင်း၊ အချပ်ပိုစာမျက်နှာတွင် ဖော်ပြလိုပါက ထည့်ပြီးနောက်ရက်တွင် ဖော်ပြပေးကြောင်း၊ ၀န်ထမ်းနှင့် ရင်းနှီးပတ်သက်မှုအပေါ် မူတည်ပြီး (၅,၀၀၀) မှ (၁၀,၀၀၀) ကျပ် အပိုကြေးပေးရကြောင်း အယ်ဒီတာတဦးက ပြောသည်။

အထက်ပါအခြေအနေကို ကြေးမုံသတင်းစာ ကြော်ငြာဌာန တာဝန်ခံ ဒေါ်စန်းစန်းမြင့်သို့ မေးမြန်းရာ “အားလုံးကို အဆင်ပြေအောင် လုပ်ပေးနေပါတယ်။ အချပ်ပိုဆိုရင် (၃) ရက်၊ ပုံမှန် စာမျက်နှာဆိုရင် (၅) ရက်အတွင်း ဖော်ပြနိုင်အောင် ကြိုးစားပေးနေပါတယ်” ဟု ဖြေဆိုသည်။

ရန်ကုန်မြို့ရှိ သတင်းစာတိုက်များ၏ စာတည်းမှူး၊ စာတည်းမှူးချုပ်များသည် နေပြည်တော်၌ တာဝန်ထမ်းဆောင်နေရကြောင်း၊ ရန်ကုန်မြို့၌ နောက်ဆုံးအသုတ် ကျန်ရှိနေသည့် ကြေးမုံသတင်းစာ ဘာသာပြန်အယ်ဒီတာ (၃) ဦးသည် ဇွန် (၃) ရက်နေ့အမီ နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ကြော်ငြာ အချပ်ပိုကဏ္ဍကိုလည်း မကြာမီ နေပြည်တော်မှ စီစဉ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း ကြေးမုံသတင်းစာတိုက် ၀န်ထမ်းတို့ထံမှ သိရသည်။

No comments:

Post a Comment