Pages

Subscribe

Thursday 17 June 2010

‘၀’ဒီမိုကရက်တစ်ပါတီ လူထုအတွက်မဟုတ်ဟု သြဇာရှိ‘၀’ခေါင်းဆောင်တဦးဝေဖန်

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ၀ နိုင်ငံရေးပါတီ ၂ ခု အနက် ‘၀’ ဒီမိုကရက်တစ်ပါတီ WDP သည် ၀ လူထုအတွက်ရပ်တည်မည့် ပါတီမဟုတ်ကြောင်း ၀ အသိုင်းအ၀ိုင်းမှ သြဇာရှိသူတဦးက ပြောကြားလိုက် ပါသည်။
“ကျနော်တို့ ၀ အမျိုးသားတွေရဲ့နာမည်ကို ပါတီနာမည်သုံးထားတဲ့ ပါတီ ၃ ခု ရှိတယ်။ ၀ ပြည်သွေးစည်းရေး ပါတီကတော့ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘူး၊ ကျန် ၂ ပါတီထဲက တစ်ပါတီကတော့ ကြံ့ခိုင်ရေးအသင်းကနေ ဆင်း သက်လာလို့ ၀ လူထုအတွက်ရပ်တည်တဲ့ပါတီမဟုတ်ဘူး”- ဟု အမည်မဖေါ်လိုသည့် အထင်ကရ ၀ လူထု ခေါင်းဆောင်တဦးက ပြောပါသည်။

၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ ၀ နိုင်ငံရေးပါတီ ၃ ခုရှိသော်လည်း ဦးပေါက်ယူချမ်း ဦးဆောင်သည့် ၀ပြည် သွေးစည်းရေးပါတီ UWSP က ရွေးကောက်ဝင်မည်မဟုတ်သဖြင့်၊ မေလ အတွင်း နအဖ ရွေးကောက်ပွဲကော်မ ရှင်ထံ ပါတီမှတ်ပုံတင်ခွင့်ရထားသည့် ၀ နိုင်ငံရေးပါတီ နှစ်ခုရှိသည်ဟု ၀ လူထုသတင်းရပ်ကွက်ကပြော၏။

၎င်းင်းတို့မှာ ၀ အမျိုးသားညီညွတ်ရေးပါတီ Wa National Unity Party (WNUP) ) နှင့် ၀ဒီမိုကရက်တစ်ပါတီ Wa Democratic Party (WDP) တို့ဖြစ်ကြ၏။

“ Wa Democratic Party (WDP) က လူတွေဟာ မဆလ ခေတ်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ Burma Socialist Program Party (BSPP) ကလူတွေဖြစ်တယ်။ သူတို့ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ၁၉၉၀ ရွေးကောက်ပွဲမှာပါဝင်တယ်။ နောက်ပိုင်း ၁၉၉၃ မှာ ဖွဲ့စည်းတဲ့ ကြံ့ခိုင်ရေးအသင်းတွေမှာ လဲပါဝင်တယ်။ အဲဒါကြောင့် WDP က နအဖ စစ်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ပါတီလို့ အခိုင်အမာ ပြောရဲတယ်”- ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် National Unity Party (NUP) တစညပါတီမှ တတိုင်းပြည်လုံး ၀င်ရောက်ယှဉ်ပြိုင်ရာ အမတ် ၁၀ နေရာရရှိသည့်အနက် သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မဲဆန္ဒနယ်အမတ် ခွန်ထွန်းလူ (လက်ရှိ အသက် ၆၀ ကျော်) က အနိုင်ရရှိသည်။ ယခု ၀ ဒီမိုကရက်တစ်ပါတီ (WDP) ကိုလည်း အဆိုပါပုဂ္ဂိုလ်နှင့် မဆလ ပါတီဝင် ဟောင်းများဖြစ်သည့် ဦးဆိုင်ပေါင်းနပ် နှင့် ဦးစိန္တာတို့ ဦးဆောင်သည်ဟု အဆိုပါ ၀ ခေါင်းဆောင်ကဆက်ပြော သည်။

ဝ အမျိုးသားညီညွတ်ရေးပါတီ (WNUP) ကိုမူ ဦးတာ့စောလု က ၀ အမျိုးသားတိုးတက်ရေးပါတီ (WNUP) အဖြစ် ဦးဆောင်တည်ထောင်ခဲ့သည်။ ဦးတာ့စောလုမှာ ၁၉၉၂ က န၀တအစိုးရနှင့် မူးယစ်ဆေးဝါး ပတ်သက်ဆက်နွယ် နေမှုကို ကမ္ဘာသိအောင် သတင်းဖြန့်မှုကြောင့် အဖမ်းခံရပြီး နှိပ်စက်မှုဒဏ်အမျိုးမျိုးခံရကာ သျှမ်းပြည်မြောက် ပိုင်းလားရှိုး အကျဉ်းထောင်၌ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့်ယခု Wa National Unity Party (WNUP) ကို ဦးဖိလစ်ဆမ် Philip Hsam နှင့် ဦးယီ့ပလစ်တို့က ဦးဆောင်လျှက်ရှိသည်ဟုဆိုပါသည်။

ဝ အမျိုးသားများသည် ၂၀၀၈ နားဂစ်ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး ၆ မြို့နယ်အပြင် သံလွင်အရှေ့ခြမ်း ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်၊ သံလွင်အနောက်ခြမ်း တန့်ယန်းမြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြသည်။

(Wa Democratic Party (WDP) ၏ အမြင်သဘောထား/တုန့်ပြန်ဝေဖန်ချက်များနှင့် သျှမ်းပြည်အတွင်းရှိအခြား တိုင်းရင်းသားပါတီများ၏ လှုပ်ရှားမှုဆိုင်ရာအချက်အလက်များကိုလည်း သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက် သွယ်၍ ဆက်လက်ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။)

No comments:

Post a Comment