Pages

Subscribe

Wednesday 14 July 2010

သင်္ဘောမီးလောင် ဒဏ်ရာရသူကို စင်္ကာပူဆေးရုံပြောင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောမီးလောင်၍ ဒဏ်ရရသဖြင့် မလေးရှား ဆေးရုံတွင် ကုသမှုခံယူနေရသော မြန်မာနိုင်ငံသား သင်္ဘောသားတဦးမှာ စင်္ကာပူဆေးရုံသို့ ယမန်နေ့က အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံယူရသည်။

ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံ ပါဟမ်း Pahang ပြည်နယ်ရှိ ကွန်တန် Kuantan ဆိပ်ကမ်းသို့ ခုတ်မောင်းလာသည့် ပနားမားမှတ်ပုံတင် တန်ချိန် ၈ ထောင်ရှိ Eastern Honesty သင်္ဘောတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် ကိုထွန်းထွန်းဝင်း (အသက် ၃၉ နှစ်) နှင့် ကိုဝဏ္ဏထွန်း ( အသက် ၃ဝ နှစ် )တို့ ဒဏ်ရာပြင်းထန်စွာရပြီး ကိုဝေဖြိုးစံ (အသက် ၂၂ နှစ် )မှာ ပျောက်ဆုံးလျှက်ရှိသည်။

မလေးရှားရှိ Tengku Ampuan Afzan ဆေးရုံတွင် တရက်ခန့်အကြာ ဆေးကုသခံယူနေစဉ် ကိုထွန်းထွန်းဝင်းမှာ အခြေအနေ ဆိုးရွားလာသဖြင့် စင်္ကာပူ ပြည်သူ့ဆေးရုံကြီးသို့ အင်္ဂါနေ့ညနေက ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

“မလေးဆေးရုံက မီးဒဏ်နဲ့ ပတ်သက်ရင် လိုအပ်နေတယ်။ အခြေအနေက ဆိုးရွားနေလို့ပါ။ နောက်တယောက်ကိုလည်း အခြေအနေ စောင့်ကြည့်နေတယ်။ ဆိုးလာရင်တော့ သူလည်း ဒီဘက်ကို ပြောင်းဖို့ အစီအစဉ်ရှိတယ်” ဟု မီးလောင်ခံခဲ့ရသည့် သင်္ဘောကို ပိုင်ဆိုင်သည့် စင်္ကာပူနိုင်ငံရှိ Unix Line Pte Ltd မှ ညွှန်ကြားရေးမှူး ကပ္ပတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရသူ ၂ ဦးမှာ လက်၊ ခြေထောက်နှင့် ကိုယ်လုံး တဝက်ခန့် မီးဒဏ်ရာရခဲ့ကြောင်း ကွန်တန်မြို့ရှိ Tengku Ampuan Afzan ဆေးရုံတာဝန်ကျ သူနာပြု ဆရာမ Aadah Yaakob က မဇ္ဈိမကို ပြောသည်။

ပျောက်ဆုံးနေသူအတွက်လည်း မလေးရှားရေတပ်က လိုက်လံရှာဖွေဆဲ ဖြစ်သည်။

“ဒီနေ့ထိ ရှာဖွေပေမယ့် မတွေ့သေးဘူး။ ဒီနေ့ကို ရှာဖွေရေး ရပ်နားနိုင်တယ်။ ရပ်နားရင်လည်း ပျောက်နေတဲ့ သင်္ဘောသားအတွက် ဘာတွေလုပ်ပေးမလဲဆိုတာ မလေးရှားအရာရှိတွေနဲ့ ဆွေးနွေးမယ်။ သူ့အတွက် လိုအပ်တာကို စီစဉ်ပေးမယ်။ ကျနော်တို့က လိုအပ်တာကို အကုန်တာဝန်ယူမယ်။ ပျောက်ဆုံးသူရဲ့ မိသားစုကို ဖြေသိမ့်တဲ့အနေနဲ့ ငွေကြေးထောက်ပံရေး လုပ်မယ်” ဟု ကပ္ဗတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

Eastern Honesty သင်္ဘောတွင် မြန်မာသင်္ဘောသား ၂၂ ဦးလုပ်ကိုင်လျှက်ရှိပြီး မလေးရှား၊ စင်္ကာပူ၊ အင်းဒိုနီးရှား၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပြေးဆွဲနေသည့် သင်္ဘောဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

No comments:

Post a Comment