Pages

Subscribe

Wednesday 14 July 2010

မြန်မာစစ်တပ်မှ ရွာသားများကိုပေါ်တာဖမ်း

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် လှုပ်ရှားနေသော ခမရ((၄ဝ၉)တပ်ရင်း လှုပ်ရှားစစ် ကြောင်း(၂)မှ ဇူလိုင်လ (၁၂) ရက်နေ့တွင် ဒေသခံရွာသား (၆) ဦးအား ပေါ်တာအဖြစ် ဖမ်းဆီးသွားသည်ဟု ဒေသခံများမှ ပြောပါသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာအခြေချ စစ်ဗျူဟာရုံးသို့အသွားတွင် ဂျော်ပလုရွာသား (၃) ဦး ချောင်းဆုံရွာသား (၃)ဦး နှင့် တဒိန်ရွာသားနှစ်ဦးအား ဖမ်းဆီးသွားသည့်ဖြစ်စဉ်ကို ဒေသခံရွာသားတစ်ဦးမှ ယခုလိုပြောပါသည်။

“မြန်မာစစ်တပ်က အင်အား(၅ဝ) လောက်ပေါ့နော်။ သုံးဆူကနေအဆင်းမှာ ခြံထဲမှာ အလုပ်လုပ်နေတဲ့ ဂျော်ပလု ရွာသား (၃) ယောက်၊ ချောင်းဆုံရွာသား(၁)ယောက် တဒိန်ရွာသားနှစ်ယောက်ကို ဖမ်းခေါ်သွားတယ်” ဟုဒေသခံမှပြောပါသည်။

အဆိုပါဖမ်းဆီးထားသော ပေါ်တာ(၆)ဦးအနက်မှ ကျောက်ကွဲချောင်းဖျားအရောက်တွင် ပေါ်တာနှစ်ဦး ထွက်ပြေးလာခဲ့သည်။ အဆိုပါထွက်ပြေးသော ပေါ်တာအထမ်းသမား၏ဖြစ်စဉ်ကို တဒိန်ရွာသားတစ်ဦးမှ ယခုလိုပြောပါသည်။

“တဒိန်ရွာသား နှစ်ဦးကိုတော့ရှေ့ပွိုင့်သွားခိုင်းတယ်။ သဘောကတော့ တောထဲမှာကရင်စစ်သားတွေ တွေ့ရင်သူတို့ကိုအကြောင်းကြားပို့ပေါ့။ ကျန်တဲ့ပေါ်တာ(၄) ယောက်ကိုတော့ စစ်ပစ္စည်းတွေ ထမ်းခိုင်းတယ်။ တောထဲမှာ(၂)ညအိပ်ပြီး ကျောက်ကွဲချောင်းဖျားအနောက်မှာ ပေါ်တာနှစ်ဦးထွက်ပြေးလာတယ်။ ကျန်တဲ့(၄) ယောက်ကတော့ အခုထိစစ်ကြောင်းထဲမှာ ပါနေတုံးဘဲ။”

မြန်မာစစ်အစိုးရအနေနှင့် စစ်ကြောင်းထွက်ရာတွင်၎င်း၊ စစ်တပ်စခမ်းဆောက်လုပ်ရာတွင်၎င်း၊ ဒေသခံ ပြည်သူများကို အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုပြုနေဆဲဖြစ်သည်ဟု လူအခွင့်အရေးလေ့လာသူများမှ ဆိုပါ သည်။ မြန်မာစစ်အစိုးရနှင့် ILO ခေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်မှ ဒေသခံပြည်သူများအပေါ် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများ ရှိပါက အရေးယူသွားရန် ဂတိခံဝန်ချုပ်လက်မှတ် ရေးထိုးထားသော်လည်း ယနေ့ အချိန်အထိကျူးလွန်နေဆဲဖြစ်သည်ဟု လူ့အခွင့်အရေးလေ့လာသူများမှပြောပါသည်။

ကောင်းဝါသတင်းထောက် ကိုသိုက် ရေးသားသည်။

No comments:

Post a Comment