Pages

Subscribe

Saturday 29 May 2010

စစ်တွေ၏ အချက်အချာနေရာတွင် စပါးခွံသုံး မီးစက်တည်၍ လေထု ညစ်ညမ်းမူ ဖြစ်မည်ကို မြို့နေလူထု စိုးရိမ်


Paddy-sell-use-generatorစစ်တွေမြို့၏ အဓိက အချက်အချာ ကျသော ပြည်နယ် ပယက ရုံးဝင်းအတွင်း စပါးခွံသုံး မီးစက်တလုံးကို တည်ဆောက်နေသဖြင့် လေထု ညစ်ညမ်းမူနှင့် အတူ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးမည်ကို မြို့နေလူထု အနေဖြင့် စိုးရိမ်မူများ ရှိနေသည်ဟု မြို့ခံ လူကြီး တဦးက ပြောသည်။

“ စပါးခွံသုံး မီးစက်က လေထု ညစ်ညမ်းမူကို အထူး ဖြစ်ပေါ်စေသလို အနံ့ အသက်ကလည်း အထူးဆိုးရွားပါတယ်။ မီးစက်ရှိတဲ့ နေရာအနီးက ကိုက် ၁၀၀ ပတ်ဝန်းကျင်က ဖြတ်သန်းသွားလို့ မရအောင်ထိ အနံ့အသက်က ဆိုးရွားပါတယ်။ ဒါကြောင့် နေ့တိုင်း မီးစက်ကို သန့်ရှင်းရေး လုပ်ရပါတယ်။ ဒါ့ပြင် စပါးခွံသုံးစက်က ထွက်လာတဲ့ မီးခိုးတွေဟာလည်း လေထု ညစ်ညမ်းမူကို အထူး ဖြစ်စေပါတယ်။ ခုလို မီးစက်မျိုးကို စစ်တွေမြို့ရဲ့ အဓိက နေရာ တခုဖြစ်တဲ့ ပြည်နယ် ပယက ရုံးဝင်း အတွင်းမှာ တည်ဆောက်နေကြပါတယ် ” ဟု ပြောသည်။

အဆိုပါ မီးစက်ကို စစ်အစိုးရ အာဏာရှိသူများနှင့် စစ်တွေမှ အာဏာပိုင်များနှင့် ရင်းနှီးသူများမှ ပူးပေါင်းတည်ဆောက်နေခြင်း ဖြစ်သည်။

“ လူပုဂ္ဂိုလ်အရ နာမည်တွေတော့ မပြောချင်ဘူးဗျာ။ ဒါပေမယ့်လည်း စစ်တွေ လူထု အတွက် အကျိုးထိခိုက်မယ့် ကိစ္စမို့ ပြောရတာ ဖြစ်ပါတယ်။ စပါးခွံသုံး မီးစက်တည်တဲ့ အတွက် စစ်တွေမှာ အကျိုးမများဘဲ အကျိုးထိခိုက်တာဘဲ များပါတယ်။ ရတဲ့ မီးကလည်း ကြက်ဥ အနှစ်လောက်ဘဲ ရှိတယ်။ ဒါတွေကို ပြပြီး စစ်အစိုးရ အာဏာပိုင်တွေက ၀ါဒဖြန့်ချီရေး လုပ်မယ်။ တဘက်မှာလည်း မီးစက်ကြီးက ပေးနေတဲ့ မီးအားတွေကို လျော့ချမယ်။ တချက်ခုတ် နှစ်ချက်ပြတ် အာဏာပိုင်တွေက လုပ်တာပါ။ ဒါကို နအဖနဲ့ ရင်းနှီးတဲ့ သူ စစ်တွေက စီးပွားရေး သမားတချို့က သူတို့ အကျိုး သက်သက် တခုတည်းကိုသာ ကြည့်ပီး လုပ်ကိုင်ဆောင်ရွက်နေတာကတော့ စိတ်မကောင်း စရာပါဘဲ ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့တော် စစ်တွေတွင် တနေ့ လျှပ်စစ်မီး အများဆုံး သုံးနာရီသာ ရရှိပြီး ရရှိသော လျှပ်စစ်မီးမှာလည်း မြို့တော် တခုလုံးကို လုံလောက်အောင် မဖြန့်ဖြူးနိုင်သဖြင့် စစ်အစိုးရ အာဏာပိုင်များက ကမ္ဘာတွင် အသုံးမပြုတော့သော စပါးခွံများကို လောင်စာ အဖြစ် အသုံးပြုကာ လျှပ် စစ်မီး ထုတ်လုပ်သော မီးစက်များကို တည်ဆောက်ကာ လျှပ်စစ်မီး ပေးဝေလျှက်ရှိသည်။

သို့သော်လည်း အဆိုပါ မီးစက်များမှာ စပါးခွံမရသောအခါ လည်ပတ်နိုင်ခြင်း မရှိသလို ပေးဝေ ဖြန့်ဖြူးသော မီးမှာမှာလည်း ဖျော့တော့တော့ အလင်းသာ ရှိသဖြင့် မြို့နေလူထု အနေဖြင့် သဘောကျ နှစ်ခြိုက်ခြင်း မရှိကြောင်း သိရသည်။

“ စပါးခွံသုံး မီးစက်က ကုန်တန်းရပ်ကွက်မှာ တလုံးနဲ့ ရူပမြောက်ရပ်ကွက်မှာ တလုံး ရှိပါတယ်။ ကုန်တန်းမှာရှိတဲ့ စက်က မီးမပေးနိုင်တာကြာပီ ဖြစ်ပါတယ်။ လေးလခန့် အကြာမှာ ကုန်တန်းက အိမ်ရှင်မတွေ စိတ်မရှည် သည်းမခံနိုင်တော့တဲ့ အတွက် လမ်းပေါ်ထွက် ဆန္ဒပြတာတွေတောင် ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလည်း စပါးခွံသုံး မီးစက်ကို မြို့ထဲမှာ တည်ဆောက်နေပါတယ်။ အနီးအနားက ရပ်ကွက်တွေကို မီးစက်ကြီးက ပေးတဲ့ လျှပ်စစ် အစား စပါးခွံသုံး မီးစက်က လျှပ်စစ်မီး ပေးလိုတဲ့ အတွက် တည်ဆောက်နေတာ ဖြစ်ပါတယ် ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်နိုင်ရန် ဂတ်စ်စသော သဘာဝ ဓါတ်ငွေ့များ ထွက်သည့် အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သော နေရာများစွာရှိသော်လည်း စစ်အစိုးရမှ သူတို့ အုပ်ချုပ်သည့် နှစ်ပေါင်း (၂၂) နှစ်အတွင်း တစုံတရာ တည်ဆောက် လုပ်ကိုင်ပေးခြင်း မရှိကြောင်း သိရသည်။

No comments:

Post a Comment