Pages

Subscribe

Saturday 29 May 2010

ရန်ကုန် အခြေစိုက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ ဌာနခွဲရုံး မြောက်ဦးတွင် ဖွင့်လှစ်


MrauK U ancient cityရန်ကုန် အခြေစိုက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ၏ ဌာနခွဲရုံး တခုကို ရခိုင် ရှေ့ဟောင်း မင်းနေမြို့တော် ဖြစ်သော မြောက်ဦးတွင် မေလ ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း ပါတီ ပြောရေးဆိုခွင့် ရှိသူ တဦးက ပြောသည်။

“ကျွန်တော် ပါတီဥက္ကဌ ဦးအေးကြိုင်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ မြောက်ဦး ရုံးခွဲကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ တခြားမြို့နယ်တွေမှာလည်း ရုံးတွေ ဆက်လက် ဖွင့်လှစ်နိုင်ရေးအတွက် စည်းရုံးရေး ခရီးစဉ်တွေကို ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု သူက ပြောသည်။
.မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီ ဗဟိုရုံးကို မေလ ၂၂-ရက်နေ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့နယ် လေးထောင့်ကန် လမ်းမကြီးတွင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း ယခုအခါ ရခိုင်ပြည်နယ်တွင် ရုံးများ စတင်ဖွင့်လှစ်လာခြင်း ဖြစ်သည်။

“အရင်ကတော့ ကျွန်တော်တို့ ဗဟိုဌာနချုပ်ရုံးက အသောကလမ်း ကျောက်မြောင်းမှာ ဖွင့်လှစ်ထားတာပါ။ ခုတော့ သင်္ကန်းကျွန်း လေးထောင့်ကန် လမ်းမကြီးကို ပြောင်းရွှေ့လိုက်ပါပြီ” ဟု သူက ပြောသည်။

ယခုအခါ အဆိုပါ ပါတီမှာ ရခိုင်ပြည်အနှံ့ရှိ မြို့နယ်များတွင် စည်းရုံရေး ကွင်းဆင်းလျှက်ရှိပြီး များမကြာမှီ တိုင်း (၃) တိုင်းသို့ ဆင်းပြီး ကွင်းဆင်း စည်းရုံးရန် အစီအစဉ် ရှိသည်ဟု သူက နိရဉ္စရာသို့ ပြောသည်၊။

“ကျွန်တော်တို့ ပါတီမှာ အခုအခါ ပါတီဝင် အင်အားက နှစ်သိန်းကျော်ထိ ရှိလာပြီ။ နောက်ထပ် ရန်ကုန်တိုင်း၊ ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းထိ စည်းရုံးရေး ဆင်းနိုင်ရေး အတွက် အထက်ကို ခွင့်ပြုချက် တင်ထားပါတယ်။ ခွင့်ပြုချက်ရရင်တော့ အဲဒီ တိုင်း ၃ တိုင်းကိုလည်း စည်းရုံးရေး ဆင်းဖို့ စီစဉ်ရှိပါတယ်။”

ပါတီ အနေဖြင့် စည်းရုံရေးဆင်းသည့် အခါ ပြည်သူများ ကို ငွေကြေးပေးပြီး မဲဆွယ် စည်းရုံးမူမျိုးကို လုပ်ကိုင်မည် မဟုတ်ကြောင်းလည်း သူက ပြောသည်။

“ပါတီ ရပ်တည်ရေး အတွက် ရံပုံငွေ မရှိ သလို ရံပုံငွေ အတွက် စီးပွားရေး လုပ်ကိုင် တာလည်း မရှိပါဘူး။ လူထုကိုလည်း ငွေကြေးပေးပြီး မဲဆွယ် စည်းရုံးမယ်ဆိုတဲ့ ပေါ်လစီလည်း မရှိပါဘူး။ ပါတီ ပေါ်လစီကို ကြိုက်ရင် ဘယ်သူ မဆို အဖွဲ့ဝင် လျှောက်ထားနိုင်ပါတယ်။ နိုင်ငံရေး အရဘဲ စည်းရုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ယခုအခါ တခြားပါတီ တခု ဖြစ်သော ကြံ့ဖွံ့ပါတီမှာမူ ရခိုင်ပြည်နယ်တွင် ငွေကြေး အမြောက်အမြားကို အသုံးပြုပြီး မဲဆွယ် စည်းရုံးရေးကို လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

ပါတီ၏ အမည်ကို ယခင်က ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသား အင်အားစု အဖွဲ့ (ရခိုင်ပြည်နယ်) ဟု သတ်မှတ် ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီဟု ပြောင်းလဲ သုံးစွဲထားကြောင်းနှင့် ပါတီ အလံတော်တွင်လည်း ကြယ်ဖြူ လေးလုံးကို ထပ်တိုးပြီး ထည့်ထားကြောင်းကို ဗဟိုမှ ပြောခွင့်ရသူက ပြောသည်။

No comments:

Post a Comment