Pages

Subscribe

Monday 14 June 2010

ဆယ်ကျော်သက် ကျောင်းသားများ မူးယစ်ဆေးသုံး

ကချင်ပြည်နယ်အတွင်း ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာဘ စသည့် မူးယစ်ဆေးဝါ သုံးစွဲမှု များပြားလာနေရာ အလယ်တန်းအဆင့် ကျောင်းသားလူငယ်များပါ သုံးစွဲနေကြသည်။

မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်မြို့တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်နေကြပြီး ကျောင်းများအနီးတွင် မူးယစ်ဆေးဝါး ရောင်းချနေသောကြောင့် ကျောင်းသားများပါ သုံးစွဲနေကြသည်ဟု ဟိုပင်မြို့ သားတဦးက ပြောသည်။

၎င်းက “တက္ကသိုလ်၊ ကောလိပ် ကျောင်းသားတွေကြားမှာလည်း သုံးစွဲကြတယ်။ ပိုဆိုးတာက အလယ်တန်းအဆင့် (၁၃၊ ၁၄) နှစ်အရွယ်တွေ ဘိန်းဖြူသုံးနေကြတယ်။ ဟိုပင်၊ စက်ကုန်းရပ်က အလယ်တန်းကျောင်းနဲ့ ကပ်လျက်မှာ မူးယစ်ဆေးဝါးမျိုးစုံ ရောင်းနေတာရှိတယ်၊ ဘယ်သူမှလည်း လာမဖမ်းဘူး။ ကျောင်းသားတွေဆို ဘိန်းဖြူ (၂ဝဝ) ကျပ်ဖိုး ရောင်းပေးတယ်။ အနည်းဆုံး (၅ဝဝ၊ ၁ဝဝဝ) ဖိုးမှ ရောင်းတာကို ကလေးတွေအတွက် အဲလို ရောင်းပေးနေတာ။ ကလေးတွေက စီးကရက်ထဲ ထည့်ပြီး သောက်တာလေ။ ကလေးတွေ ဆေးလိပ်သောက်တာကတော့ မဆန်းတော့သလို ဖြစ်နေပြီ” ဟု ပြောသည်။

ငွေကြေးအတန်အသင့်ရှိမိဘများ၏ ကျောင်းနေအရွယ် ကလေးများကြားတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဆယ်တန်း၊ တက္ကသိုလ်အဆင့်တွင်ပင် သေဆုံးသွားသည့် ကျောင်းသားလူငယ်များလည်း ရှိနေကြောင်း အဆိုပါ ဟိုပင်မြို့သားက ပြောသည်။

၎င်းက “လွန်ခဲ့တဲ့ (၁ဝ) နှစ်အတွင်း အသက် (၂ဝ) အောက် လူငယ်တွေ ဟိုပင်တမြို့တည်း သေခဲ့တာ သိရသလောက် အယောက် (၁ဝဝ) လောက်ရှိမယ်။ အားလုံးက ပိုက်ဆံတစုံတရာရှိကြတဲ့ အသိုင်းအဝိုင်းက ကလေးတွေ။ အချို့ဆို ဆရာဝန်ဖြစ်ပြီး၊ ဘွဲ့ရပြီးမှ ဆုံးတာ။ ငွေကြေးပုံမှန်ရှိတဲ့ခါ ဘိန်းမဲ ရှူမယ်၊ နံပါတ်ဖိုး ရှူမယ်၊ ပိုက်ဆံမရှိတဲ့ခါကျတော့ ဘိန်းဖြူအကြောထဲ ထိုးတဲ့အဆင့်ဖြစ် လာတယ်။ အဲဒီမှာ ရှော့ဖြစ်ပြီး သေကြတာ” ဟု ပြောသည်။

ကျောက်စိမ်းတွင်းဒေသနှင့် ရွှေမှော်များတွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ် သုံးစွဲနေကြပြီး မူယစ်ဆေးဝါး စွဲကာ နေရပ်ရင်း မပြန်နိုင်ကြဘဲ ဘဝပျက်နေကြသည့် လူငယ်အတော်များများ ရှိနေကြသည်ဟု ကျောက်စိမ်းကုန်သည်တဦးက ပြောသည်။

၎င်းက “အမှန်က ငွေရှာဖို့အတွက် ရွေတွင်းကျောက်တွင်းကို ရောက်လာကြတာပဲ။ ပတ်ဝန်းကျင်မှာ အဲဒါတွေ သုံးစွဲနေတာ မြင်နေရတော့ စမ်းလုပ်ရာကနေ စွဲလာမယ်၊ ငွေက ပုံမှန်မရ ဖြစ်လာ၊ နောက်တော့ ဆေးဖိုး ရဖို့အတွက် ခိုးမယ်၊ ဝှက်မယ်၊ တောင်းမယ် ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဘဝတွေပျက်၊ လမ်းဘေး သေရတဲ့ လူငယ်တွေလည်း အများကြီးဖြစ်နေတယ်” ဟု ပြောသည်။

နအဖက ၂ဝဝဝ ခုနှစ် ဝန်းကျင်များကစ၍ ကချင်ပြည်နယ်၌ (၁၅) နှစ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ကင်းစင်ရမည်ဟု လမ်းဘေး ဆိုင်းဘုတ်များထောင်ကာ ကြွေးကြော်ထားသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် သုံးစွဲမှုမှာ တနှစ်ထက်တနှစ် ပိုများလာသည်ဟု ဒေသခံများက ပြောသည်။

No comments:

Post a Comment