Pages

Subscribe

Monday 14 June 2010

မြန်မာ ရဟန်းသံဃာတော်များက သင်တန်းကျောင်းဖွင့်

ထိုင်းနိုင်ငံတွင် လာရောက်ပညာသင်ကြားနေသော မြန်မာရဟန်းသံဃာတော်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အတတ်ပညာ၊ ဘာသာစကား၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် သင်တန်းကျောင်းတခုကို ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာရဟန်းတော်များအဖွဲ့က ဘန်ကောက်တွင် ဖွင့်လှစ်လိုက်သည်။

အဆိုပါသင်တန်းကျောင်းကို ဘန်ကောက်မြို့၊ ဖလန်ဆောင် (၆၃) လမ်းရှိ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) က ဦးစီးဖွင့်လှစ်ပြီး ထိုင်းမြို့နယ် သံဃာမဟာနာယက လက်ထောက်ဆရာတော်က ကြွရောက်ကာ ယမန်နေ့တွင် ကျောင်းကို တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ရဟန်းတော်များအဖွဲ့ကို ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာရဟန်းများဖြင့် ယမန်နှစ် ဇွန်လကတည်းက ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး ပညာရေးရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသော ရဟန်းတော်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနေခြင်းဖြစ်သည်။

ထိုကော်မတီက ယခုအခါ ဒကာ၊ ဒကာမများဖြစ်သော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လိုအပ်ချက်ကို ပံ့ပိုး ဖြည့်ဆည်းပေးသောအားဖြင့် သင်တန်းကျောင်းကို တရားဝင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ကော်မတီ အတွင်းရေးမှူး (၁) ဆရာတော်အရှင်တေဇက “ဦးဇင်းတို့ ပထမတော့ ဒီကျောင်းကို ရဟန်းသံဃာတွေရဲ့ အရေးအရာတွေအတွက် ရုံခန်းသဘော ထားဖွင့်တာပါ။ နောက်ပိုင်းကျတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဖြစ်တဲ့ ဒကာ၊ ဒကာမတွေအတွက် သူတို့လိုအပ်တဲ့ သာရေး၊ နာရေး၊ ပညာရေးတွေကိုလည်း ဖြည့်ဆည်းပေးတဲ့ သဘောနဲ့ အခုလိုသင်ကြားပေးတာပါ။ မြို့နယ်ရဲစခန်း စခန်းမှူးကလည်း ပြောပါတယ်။ အသိပေးတာ ကျေးဇူးတင်ပါတယ်၊ သူတို့လည်း လိုအပ်သလို ကြည့်ရှုစောင့်ရှောက်ပေးသွားပါမယ်လို့ လျှောက်တယ်” ဟု မိန့်ဆိုသည်။

အဆိုပါသင်တန်းကျောင်းတွင် အင်္ဂလိပ်စာ၊ ထိုင်းစာ၊ ကွန်ပျူတာ၊ ယဉ်ကျေးမှု၊ အဘိဓမ္မာ ဘာသာရပ်များအား ရဟန်းဆရာ၊ လူဆရာများက သင်ကြားပေးလျက်ရှိပြီး ရဟန်းသံဃာတော်များအား စနေနေ့နှင့် ရွှေ့ပြောင်းအလုပ်သမားတို့အတွက် ၎င်းတို့၏ အားလပ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် သင်ကြားပေးလျက်ရှိသည်။

ယခုအခါတွင် အဆိုပါကျောင်း၌ ရွှေ့ပြောင်းအလုပ်သမား (၈၀) ဦးခန့် တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

မြန်မာရဟန်းသံဃာတော်များသည် မကြာခင်နှစ်များအတွင်းမှ စတင်၍ ဗုဒ္ဓဘာသာ ဘာသာရပ်အား အင်္ဂလိပ်စာဖြင့် သင်ကြားသည့် ထိုင်းတက္ကသိုလ်များသို့ လာရောက် သင်ယူနေကြသည်မှာ ယခုအခါဆိုလျှင် အပါး (၁၂၀) ကျော်ရှိနေပြီဖြစ်ကာ၊ ကနဦးနှစ်များက ဘာသာစကား၊ ခရီးသွားလာရေးမှအစ ဆွမ်းကွမ်းစသော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့အတွက် အဆိုပါအခက်အခဲများကို ဖြည့်ဆည်းနိုင်ရန် ယခုကဲ့သို့ ရဟန်းအစုအဖွဲ့တခုကို ထည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) Myanmar Student Monks Organization in Thailand (MSMO) အဖွဲ့၏ အင်တာနက်ဝက်ဆိုဒ်မှာ www.msmointhailand.com ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ သာရေးနာရေးအတွက်လည်း ရဟန်းသံဃာတော်များကို (၀၂-၈၆၅၀၅၇၁)၊ (၀၈၇-၆၈၄၀၁၄၀) သို့ ပင့်လျှောက်နိုင်သည်။

No comments:

Post a Comment