Pages

Subscribe

Monday 14 June 2010

အိုးဖေါက်ကျေးရွာ ဓါးပြမူ ဒေသခံ စစ်တပ်များ အပေါ် သံသယဖြစ်

ရသေ့တောင်မြို့နယ် သမီးလှ အိုးဖေါက်ကျေးရွာတွင် ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော ဓါးပြ တိုက်မူတွင် ဒေသခံပြည်သူများက ဒေသအတွင်းမှ စစ်သားများနှင့် နစက တပ်ဖွဲ့ဝင်များ အပေါ် သံသယ ဖြစ်နေကြောင်း သိရှိရသည်။

ဇွန်လ ၆ ရက်နေ့က ညနေပိုင်းက သမီးလှ အိုးဖေါက်ကျေးရွာမှ ရယက ဥက္ကဌဟောင်း အောင်စိန်ထွန်း အိမ်အား ဓါးပြတိုက်ရာတွင် ဓါးပြ ၂၀ ခန့်ပါဝင်ပြီး ခေတ်မှီ လက်နက်များကို ကိုင်ဆောင်ထားသည်ဟု ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

“ဓါးပြတွေက စက်လှေ တစီးနဲ့ အတူ ကျွန်တော်တို့ ရွာကို မှောင်ရီ ပျိုးစမှာ ရောက်နေပြီးတော့ ဆိပ်ကမ်းမှာ ဆိပ်ကပ်ထားပါတယ်။ ညနေ ၁၀ နာရီ ခန့်မှာ ဦးအောင်စိန်ထွန်းအိမ်ကို နစကတွေ ဆိုပီး ၀င်လာပြီးတော့ တံခါး ဖွင့်ပါ။ ဖုံးဆက်ချင်လို့ ဆိုပီး တံခါး ဖွင့်ခိုင်း ပါတယ်။ ဦးအောင်စိန်ထွန်း ကလည်း နစကတွေ ထင်ပီး တံခါးဖွင့်ပေးလိုက်တော့ သူ့အပါအ၀င် အိမ်သားတွေကို ကြိုးနဲ့ချည်ပြီး ဓါးပြတိုက်တော့ တာပါဘဲ။”�

ဦးအောင်စိန်ထွန်းမှာ သူ့၏ နေအိမ်တွင် CDMA တယ်လီဖုံးအား တပ်ဆင် ထားပြီး အဌားဆိုင်အဖြစ် ဖွင့်ထားကြောင်း သိရသည်။ အဆိုပါ ဖုံးကို အကြောင်းပြပြီး အိမ်ထဲကို ၀င်ရောက်ကာ ဓါးပြ တိုက်သွားခြင်း ဖြစ်သည်။

ဓါးပြများသည် ဦးအောင်စိန်ထွန်းအိမ်မှ ကျပ်ငွေ သိန်း ၃၀ နှင့် ရွှေ ၇ ကျပ်ကို လုယက် ယူဆောင်ပြီး အသင့် ပါလာသော စက်လှေဖြင့် ရသေ့တောင် မြို့ဘက်သို့ ထွက်ခွာသွားကြောင်း သူက ဆက်ပြောသည်။

“ဓါးပြတွေက ဓါးပြတိုက်ပီးတာနဲ့ ချက်ချင်းဘဲ ပါလာတဲ့ စက်လှေနဲ့ ထွက်ခွာ သွားပါတယ်။ အိုးဖေါက်ရွာ အထက်ဖက်မှာ ရှိတဲ့ သေကံ ခွဆုံ ကျေးရွာမှာ ရေတပ် ကင်းစခန်းရှိတဲ့ အတွက် ဓါးပြတွေဟာ အောက်ဘက်ကို စုန်ပြီး ရသေ့တောင်ဘက်ကို ထွက်ခွာသွားပါတယ်။”�

ယခုကဲ့သို့ လူပေါင်း ၂၀ ခန့်ဖြင့် ခေတ်မှီလက်နက်များကို ကိုင်ဆောင်၍ ဓါးပြတိုက်မူကြောင့် ဒေသအတွင်းမှ ပြည်သူများက စစ်တပ် (သို့မဟုတ်) နစကများ ပါဝင်ပတ်သက်နိုင်ကြောင်း ပြောဆိုနေသည်ကြသည်ဟု သူက ဆက်ပြောသည်။

သမီးလှ အိုးဖေါက်ကျေးရွာမှာ မေယူမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ရသေ့တောင်မြို့နယ် မြောက်ဘက်၏ အစွန်ဆုံး ကျေးရွာ ဖြစ်ကာ ဘူးသီးတောင် မြို့နယ်နှင့် ကပ်ရပ် တည်ရှိသည်။ ရသေ့တောင်မြို့တွင် ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း ၃ သုံးရင်းတပ်စွဲထားပြီး ဘူးသီးတောင်မြို့ နယ်တွင် ဗျူဟာ တခု၊ တပ်မ တခုနှင့် စစ်တပ် တပ်ရင်း ၁၃ ရင်းခန့် တည်ရှိသည်။ ၎င်းပြင် အိုးဖေါက်ရာ အနီးတွင် သေကံ ခွဆုံ ရေတပ် စခန်းနှင့် ၅ မိုင်ခန့်အကွာတွင် စေတီတောင် ရဲကင်းစခန်းရှိကြောင်းလည်း သိရသည်။

ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဓါးပြမူများ အထူးတိုးပွားနေရာ လက်နက်ကိုင် တပ်ဖွဲ့များ အပေါ် ဒေသခံများက သံသယ ရှိနေကြသည်။

မေလ ၁၂ ရက်နေ့ကလည်း မောင်တောမြို့နယ် သရက်အုပ် ကျေးရွာ ရယက ဥက္ကဌ အိမ်ကို ဓါးပြတိုက်ရာတွင် နစက တပ်ဖွဲ့ဝင်များကဲ့သို့ စကားပြောပြီး ဓါးပြ ၀င်တိုက်သွားခဲ့သည်။

အဆိုပါ ဓါးပြတိုက်မူတွင် သိန်း ၅၀ ခန့် ပါသွားပြီး ရယက ဥက္ကဌ ဦးထွန်းအေးမောင်မှာ ဥက္ကဌ ဖြစ်ပြီး ဓါးပြရန်ကို မကာကွယ် နိုင်ကောင်း လားဟု ဆိုကာ ခရိုင် ဥက္ကဌ ထွန်းနိုင်လင်းမှ ရယက ဥက္ကဌ တာဝန်မှ ရပ်ဆိုင်းခဲ့သည်။

အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း ရေတွင်းကျွန်းကျေးရွာမှ ရယက အဖွဲက၀င် ဦးဇာဖါးအိမ်ကို ဓါးပြ တိုက်သွားခဲ့ပြီး ဇွန်လ ၈ ရက်နေ့ကလည်း မြောတောင် ကျေးရွာမှ ဒေါ်ဟာဘေရာ အိမ်ကို ဓါးပြတိုက်သွားခဲ့သည်။ ဒေါ်ဟာဘေရာ၏ ယောင်္ကျားမှာ ဆော်ဒီအာရေဗီးယားတွင် အလုပ် လုပ်ကိုင် နေပြီး သူမ အိမ်မှ ရွှေ ၁၅ ကျပ်ကို ဓါးပြတိုက်ယူသွားကြောင်း သိရသည်။

ယခုကဲ့သို့ ဓါးပြများ အထူးသောင်းကျန်းနေသော်လည်း ယခုအချိန်ထိ လက်နက်ကိုင် တပ်ဖွဲ့များမှ တစုံတရာ နှိမ်နှင်း ဖမ်းဆီးနိုင်ခြင်း မရှိ သေးကြောင်း သိရှိရသည်။

No comments:

Post a Comment