Pages

Subscribe

Sunday 6 June 2010

ရခိုင်သရက်သီးများ ဘင်္ဂလာက အ၀ယ်မလိုက်၍ အရှုံးပေါ်


mangosရခိုင် သရက်သီးများကို နှစ်စဉ် သရက်သီး ရာသီတွင် မောင်တော ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ နေရာ ယခုနှစ် ရာသီတွင် ဘင်္ဂလာဒေခ်ျ့မှ ၀ယ်လိုအား မရှိသဖြင့် ရခိုင်သရက်သီး လုပ်ငန်းရှင်များမှာ အရှုံးနှင့် ရင်ဆိုင် နေရကြောင်း သတင်း ရရှိသည်။

သရက်သီး လုပ်ငန်းရှင် တဦးက “ ကျနော်တို့ အနေနဲ့ သရက်သီး ရာသီ စတာနဲ့ ရခိုင်က သရက်ခြံ တွေကို ခြံအလိုက် ဝယ်ယူ ထားခဲ့ကြပါတယ်။ အဓိကတော့ မောင်တောကနေ နယ်စပ်မြို့ တက်ကနက်ကို တင်ပို့ ရောင်းချမယ့် ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်က သရက်သီးတွေ ဒီနှစ်မှာ ဘင်္ဂလာဘက်က ၀ယ်လိုအား မရှိတဲ့ အတွက် ကျနော်တို့ အရှုံးပေါ် နေရပါတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ ရခိုင်သရက်သီးများကို ၀ယ်လိုအား မလိုက် ဖြစ်နေရခြင်းမှာ ယခုနှစ်တွင် သရက်သီး အထူး ဖြစ်ထွန်းပြီး အိန္ဒိယမှ သရက်သီးများ ဘင်္ဂလာဒေခ်ျ့ကို အလုံးအရင်းဖြင့် ၀င်ရောက်နေ၍ ဖြစ်ကြောင်း သိရသည်။

ဒက္ကားမြို့တွင် နေထိုင်သူ မြန်မာ တဦးက “ ဒီမှာ အနိမ့်ဆုံး သရက်သီးက တကီလိုကို တာကာငွေ ၅၀ ရှိပါတယ်။ မြန်မာ ကျပ်ငွေနဲ့ ဆိုရင် ၇၀၀ ကျပ်ခန့်ရှိမှာပါ။ အိန္ဒိယနဲ့ မြန်မာ သရက်သီးတွေ ဘင်္ဂလာဈေးကွက်မှာ ပြိုင်ရင် မြန်မာက သရက်သီးတွေ ပြိုင်မနိုင်တာက အိန္ဒိယက တင်သွင်းတဲ့ နေရာမှာ လမ်းပမ်း ဆက်သွယ်ရေးက ကောင်းတယ်။ အချိန်တိုအတွင်းမှာ ရောက်တယ်။ စရိတ် အကုန် အကျနည်းတယ်။ သရက်သီး ပေါ်တာနဲ့ ချက်ချင်း တင်သွင်းနိုင်တယ်။ ပီးရင် စနစ်တကျ ပက်ကင်တွေ ရိုက်ပီး တင်ပို့ နိုင်တယ်။ မြန်မာဘက်ကတော့ သမရိုးကျနည်းနဲ့ ၀င်ရောက်နေတယ်။ လမ်းပမ်း ဆက်သွယ်ရေးအရ အရမ်းနိမ့်ကျနေတော့ ဈေးကွက်ကို အချိန်မှီ မတင်ပို့နိုင်ဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေက အားပေး အားမြှောက် လုပ်တာ မရှိတဲ့ အပြင် ဂိတ်တိုင်းမှာ အာဏာပိုင်တွေကို အကောက် ပေးရတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ အကောက်ဂိတ် တွေကြောင့် သရက်သီးဈေးက အလိုလိုနေရင်း မြှင့်နေတယ်။ အဲသလို အခက်အခဲတွေကြောင့် အိန္ဒိယက သရက်သီးတွေနဲ့ ပြိုင်ရင် ဘင်္ဂလာဈေးကွက်မှာ မြန်မာ သရက်သီးက အရှုံး ပေါ်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သရက်သီးတင်ပို့တဲ့ ကုန်သည် တဦးကလည်း “ ကျွန်တော်တို့ သရက်သီးတွေကို ရသေ့တောင် မြို့နယ် မြောက်ပိုင်း ကျောက်တန်း ဘက်ကနေ ဘူးသီးတောင်ကို ရေလမ်းကြောင်းက တဆင့် တင်ပို့ ရပါတယ်။ လမ်းခရီးမှာ သေကံ ခွဆုံ ရေတပ် ကင်းစန်း၊ ညောင်ချောင်းမှာ ဆိုရင် ရဲ၊ စရဖ၊ နစက နဲ့ ဖုံညိုလိပ် ရဲစခန်း၊ ဘူးသီးတောင်မှာဆိုရင် ဌာနဆိုင်ရာ မျိုးစုံ ရှိပါတယ်။ အနည်းဆုံး စခန်းတခုကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိ ပေးရပါတယ်။ တရားဝင် ကုန်ပစ္စည်းဆိုပေမယ့် မပေးလို့ မရပါ။ မပေးရင် သွားလာလို့ မရပါ။ တခြားစီးပွားရေး မရှိတော့ တကျပ်မြတ် ငါးမူးမြတ် လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဘင်္ဂလာက သရက်သီး ၀ယ်လိုအား မရှိတော့ အရှုံးခံပြီး မောင်တောမှာဘဲ သရက်သီးတွေကို ရောင်းချ နေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် မောင်တောမှ တဆင့် တက်ကနက်သို့ တင်ပို့ပါကလည်း ရခိုင်က လာသော သရက်သီးများကို တက်ကနက်မြို့တွင် ဈေးနှိမ်ပြီး ပေးဝယ်နေကြောင်း မောင်တောမှ သရက်သီး လုပ်ငန်းရှင် တဦးက ပြောသည်။

မြန်မာမှ ၀င်ရောက်လာသော အကောင်းစား သရက်သီး ၁ကီလိုမှာ တက်ကနက်တွင် ၁၅ တာကာသာ ဈေးရှိကြောင်း သိရသည်။

ယခုအခါတွင် မောင်တောမြို့တွင် ရခိုင်ပြည်နယ် နေရာ အနှံ့က တင်ပို့သော သရက်သီးများနှင့် ပြည့်နှက်နေပြီး ကျပ်ငွေ ၁၀၀ ဖိုးဆိုလျှင် သရက်သီး ၆လုံး - ၇လုံး ရရှိကြောင်း သိရသည်။

သရက်သီး ကုန်သည် အမျိုးသမီးတဦး ကလည်း“ သရက်သီး တွေကို အကုန်လုံး ဒီမှာ (မောင်တော) ဘဲရောင်း လိုက်ပါတယ်။ အခွန်တွေ ပေးရတာလဲ အများကြီးပါပဲ။ ဘင်္ဂလာကို ယူမယ်ဆိုရင် ဟိုအဖွဲ့လို့ တမျိုး ဒီအဖွဲ့လို့ တမျိုး မောင်တောမှာ ပေးရပါတယ်။ တဘက် နိုင်ငံ တက်ကနက်မြို့ကို ရောက်သွားရင်လည်း အဲဒီမှာလည်း အာဏာပိုင်တွေကို ပေးရသလို အဲဒီကြားထဲမှာ သရက်သီးက ထင်သလောက် ဈေးမရှိဘူးဖြစ်နေတယ်။ ဒီနှစ်ရာသီ မှာ သရက်သီး လုပ်တာကတော့ တော်တော့ကို ဒုက္ခ ရောက်ပါတယ်” ဟုပြောသည်။

No comments:

Post a Comment