Pages

Subscribe

Sunday 6 June 2010

အစာအဆိပ်သင့်ကာ ဒုက္ခသည်နှစ်ဦး သေဆုံး

နော်ဖြူဖြူသင်း (ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း ဇုံဘီ၊ အမှတ်(၉)ရပ်ကွက်တွင် နေထိုင်သူ မွတ်ဆလင်လူမျိုး သားအဖနှစ်ဦး သည် မေလ ၃၀ရက်နေ့က အစာအဆိပ်သင့်ကာ ဆေးရုံသို့တက်ရောက်ကုသပြီးနောက် သေဆုံးသွားခဲ့သည်ဟု သိရသည်။

အစာအဆိပ်သင့်သူ မိသားစုသည် စခန်းအပြင်ဖက်တွင် အလုပ်သွားလုပ်ပြီး ထိုရွာရှိ စိုက်ခင်းဟောင်းမှ ဟင်းရွက်အညွှန့်များ ပြန်ခူးလာကာ ချက်စားမိရာမှ တစ်အိမ်လုံး ဆေးရုံသို့ရောက်ရှိပြီး နောက်တစ်နေ့တွင် ဖခင်ဖြစ်သူနှင့် သမီးတို့ ယခုလို သေဆုံး ရခြင်းဖြစ်သည်ဟု အုန်းဖျန်ဒုက္ခသည်တစ်ဦးက ဇွန်လ ၁ရက်နေ့တွင် ကေအိုင်စီကို ပြောသည်။
“သူတို့တွေက မျော့ရွာမှာ အလုပ်လုပ်သွားကြတာ။ အဲဒီမှာ မျော့တွေ စိုက်ထားတဲ့ ရွှေဖရုံညွှန့်လိုလို ဟင်းရွက်တွေခူးပြန်လာ တယ်။ အဲဒီဟင်းရွက်ကို လုချင်း(အသားလုံး)နဲ့ ဟင်းချိုချက်သောက်တာ။ အဲဒီနေ့မှာပဲ အရင်ဆုံး သူတို့အဖေကို မဲဆောက် ဆေးရုံတင်လိုက်ရတယ်။ နောက်မှ သူ သမီးနဲ့ ကျန်တဲ့လူတွေ တင်ရတယ်။ ဆေးရုံတင်တာ စနေနေ့ညနေပိုင်း။ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အဖေနဲ့ သမီးက သေသွားတယ်”ဟု အဆိုပါဒုက္ခသည်က ပြောသည်။

သေဆုံးသွားသည့် ဦးဟာစန် ၄၀နှစ်နှင့် သမီး ရှာဘနား ၂၀နှစ်တို့၏ ရုပ်အလောင်းများကို အုန်းဖျန်စခန်းသို့ ပြန်လည်သယ် ဆောင် သင်္ဂြိုလ်လိုက်ကြောင်းနှင့် အဆိပ်သင့်ရသည့် အကြောင်းရင်းမှန်ကိုမူ အတိအကျ မပြောဆိုနိုင်သေးကြောင်း စခန်းတာ ၀န်ရှိသူများက ဆိုသည်။

စခန်းလုံခြုံရေး တာဝန်ခံက “ဒီကိစ္စကတော့ ဟုတ်ပါတယ်။ လောလောဆယ် သေဆုံးရတဲ့အကြောင်းရင်းကို ကျနော်တို့ တပ် အပ် မပြောနိုင်သေးဘူး။ သူတို့စားတာကလည်း အစုံပဲလို့ ပြောတယ်။ အမဲသားလည်းပါတယ်။ မှိုလည်း ပါတယ်တဲ့။ သေဆုံး တဲ့သူတွေကိုတော့ စခန်းထဲ ပြန်ယူလာခဲ့လိုက်ပါပြီ။”ဟု ကေအိုင်စီကို ပြောသည်။

စခန်းထဲမှ ဒုက္ခသည်များသည် စားဝတ်နေရေး အဆင်ပြေစေရန် စခန်းအပြင်ထွက်ကာ နေ့ချင်းပြန် အလုပ်ထွက်လုပ်ကြကာ အလုပ်မှအပြန်တွင် ယခုလို ထိုင်းနိုင်ငံသား မျော့လူမျိုးများ၏ စိုက်ခင်းဟောင်းများမှ ပိုးသတ်ဆေးဖျန်းထားသည့် အသီးအရွက် များကို ခူးယူစားသောက်မိရာက သေဆုံးသွားရခြင်းဖြစ်သည်။

ယခု ဖြစ်ပွားသည့် အစာအဆိပ်သင့်မှုနှင့် ပတ်သက်၍ စခန်းဥက္ကဌနှင့် တာဝန်ရှိသူများက လက်ရှိအချိန်တွင် စခန်းတွင်းရှိ ဒုက္ခ သည်များကို အပြင်မှ အသီးအရွက်များ သွားရောက်မခူးစားကြရန် ကြေညာချက်ထုတ်ပြန်ထားသလို တစခန်းလုံး ကြားသိစေ ရန် အသံချဲ့စက်များဖြင့်လည်း ဆော်သြထားကြောင်း သိရသည်။

ဒုက္ခသည်ဦးရေ နှစ်သောင်းကျော် နေထိုင်လျှက်ရှိသည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယခုလို အစာအဆိပ်သင့် သေဆုံးမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

No comments:

Post a Comment