Pages

Subscribe

Thursday 24 June 2010

ယာယီမင်္ဂလာဈေး ဈေးရောင်းရန် အဆင်မပြေ

မျိုးဝင်းဇော် / ၂၄ ဇွန် ၂၀၁၀


မီးလောင်သွားခဲ့သဖြင့် ပြန်လည်ပြုပြင်ရန် ပိတ်ထားသည့် မင်္ဂလာဈေး မြေညီထပ်မှ တတိယထပ်အထိ ဆိုင်ခန်းပိုင်ရှင်များကို မင်္ဂလာမွန်ဈေး နံဘေး ဘောလုံးကွင်းတွင် ယာယီ နေရာချထားပေးသော်လည်း ဈေးရောင်း၍ အဆင်မပြေနိုင်ကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

ဈေးဆိုင်ပိုင်ရှင်တဦးက “ကျမတို့ကို အဲဒီ ဘောလုံးကွင်းထဲက ယာယီဈေးမှာ မဲနှိုက်နေရာချထားပေးတယ်။ ဆိုင်ခန်းက (၄) ပေ ပတ်လည်ပဲ ရှိတယ်။ လူတယောက်ထိုင်လိုက်ရင်တောင် ကောင်းကောင်းလှုပ်လို့ရတဲ့ အနေအထားမရှိဘူး။ အမိုးက တာလပတ်စ အပြာ မိုးထားတယ်။ မိုးရွာရင် မိုးမလုံဘူး။ နောက် ပစ္စည်းတွေထားဖို့ ဘာအောက်ခံပုံး၊ ဘာဗီရိုမှလည်း ထားလို့ မရဘူး။ အဆိုးဆုံးကတော့ အဓိက လမ်းတခုကလွဲရင် ကျန်လမ်းသွယ်တွေ အားလုံး ရေတွေ ဗွက်တွေချည်းပဲ ဆိုတော့ ဆိုင်ဖွင့်ဖို့ သွားမယ့်သူတောင် ကိုယ့်ဆိုင်ကိုယ် မသွားနိုင်ဘူး။ ဈေးဝယ်သမားတွေ လာဖို့ကတော့ အဝေးကြီးပဲ” ဟု ပြောသည်။

မင်္ဂလာဈေးတွင် ဆိုင်ခန်းစုစုပေါင်း (၄,ဝဝဝ) ကျော်ရှိပြီး မြေညီထပ်မှ တတိယထပ်အထိ ဆိုင်ခန်းပေါင်း (၃,ဝဝဝ) ကျော်ကို အဆိုပါ ဘောလုံးကွင်းတကွင်းစာနေရာ၌ စုပြုံထားပေးသည့်အတွက် ယခုကဲ့သို့ အခက်အခဲ ဖြစ်ရကြောင်း ဈေးဆိုင်ပိုင်ရှင်တို့က ပြောသည်။

မီးလောင်ကျွမ်းခံလိုက်ရသည့် မင်္ဂလာဈေး စတုတ္ထထပ် ဆေးဆိုင်များနှင့် အလှကုန်ဆိုင်ခန်း (၈ဝဝ) နီးပါးကိုမူ မင်္ဂလာဈေးသစ် တတိယ ထပ်တွင် နေရာချထားပေးသည့်အတွက် အဆိုပါ ဆိုင်များမှာ မိုးလုံလေလုံရှိပြီး ပစ္စည်းထားရန် အောက်ခံခုံများလည်း တည်ဆောက်ခွင့်ရကြသဖြင့် အနည်းငယ် အဆင်ပြေကြကြောင်း သိရသည်။

မင်္ဂလာဈေး ပထမထပ်တွင် အထည်ဆိုင် ဖွင့်လှစ်ခဲ့သူတဦးက “မဲနှိုက်ပြီး ရတဲ့နေရာကို ကြည့်တော့ လမ်းတောင်လျှောက်သွားလို့ မရဘူး။ ဈေးကလည်း အခွန်လွတ်ဈေး၊ ပျံကျဈေးတွေထက်တောင် အခြေအနေဆိုးတယ်။ ဒါကြောင့် အခြားနေရာမှာပဲ ငွေကုန်ခံ ဆိုင်ခန်းဖွင့်နေရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အစည်ကားဆုံး လက်ကားဈေးကြီးတခုဖြစ်သည့် မင်္ဂလာဈေးကြီးသည် ပြီးခဲ့သည့် မေလ (၂၄) ရက်နေ့က မီးသင့်လောင်ကျွမ်းခဲ့ရာ စတုတ္ထထပ်မှ ဆေးဆိုင် (၈ဝဝ) နီးပါးနှင့် ခေါင်မိုးထပ်မှ ဆေးဂိုဒေါင်၊ စားသောက်ဆိုင်များ မီးသင့်လောင်ကျွမ်းခဲ့သည်။

မီးစတင်လောင်ကျွမ်းချိန်သည် ဈေးစဖွင့်ချိန် နံနက် (၈) နာရီဝန်းကျင်ခန့်က ဖြစ်သော်လည်း စနစ်တကျ မီးငြှိမ်းသတ်ရေး အစီအစဉ် မရှိခြင်း၊ မီးလောင်မှု ကူးစက်ပြီးနောက်ပိုင်း အထပ်မြင့်ကို ပက်နိုင်သည့် မီးသတ်ကား (၂) စီးဖြင့် မလုံလောက်ခြင်း စသည့်အချက်များကြောင့် (၂၅) ရက် ညနေ (၆) နာရီကျော်မှသာ မီးငြိမ်းသွားခဲ့ပြီး အချိန်အရှည်ကြာဆုံး မီးလောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မီးလောင်ပြီးနောက် ပြန်လည်ပြုပြင်ရန် မင်္ဂလာဈေးကို ပိတ်ထားရဦးမည် ဖြစ်သည့်အတွက် စည်ပင်သာယာ၏ စီစဉ်မှုဖြင့် ယခုကဲ့သို့ ယာယီဈေး ဆောက်လုပ်ပေးခြင်း ဖြစ်သည်။

သို့သော် လက်တွေ့အခြေအနေတွင် ဈေးရောင်းရန် အဆင်မပြေသဖြင့် ဈေးသည်အများစုမှာ အနီးအနား တော်ဝင်ပလာဇာ၊ ယုဇန ပလာဇာတို့တွင် ဈေးကြီးပေးကာ ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်နေကြပြီဖြစ်သည်။

No comments:

Post a Comment