Pages

Subscribe

Thursday 24 June 2010

အစိုးရဝန်ထမ်းများကို သတင်းစာ အတင်းဝယ်ခိုင်း

ကျေးလက်ဒေသများတွင် အမှုထမ်းနေကြသော ပညာရေး၊ ကျန်းမာရေးဝန်ထမ်းတို့အား သက်ဆိုင်ရာဝန်ကြီးဌာနများက နေ့စဉ်ထုတ် သတင်းစာများကို အတင်းအကျပ် ဝယ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာတဦးက “လကုန်ရက် မြို့နယ်ရုံး အစည်းအဝေး သွားတဲ့အခါမှာ အဲဒီသတင်းစာတွေကို ရွာက ကျောင်းတိုင်း ဝယ်ရမယ်ဆိုပြီး အတင်းပေးပြီး လခဖြတ်တာ။ ပြီးတော့ သတင်းစာကို နေ့တိုင်း ပို့တာမဟုတ်ဘဲ လကုန်ရက်ကျမှ အထုပ်လိုက် ထုတ်ပေးတာဆိုတော့ ဘယ်သူမှ မလိုချင်ကြဘူးလေ” ဟု ပြောသည်။

နေ့စဉ်ထုတ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများကို တလလျှင် (၂,၀၀၀) ကျပ်ဖြင့် ၀န်ထမ်းများကို ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဝန်ထမ်းတွေအားလုံးကို သတင်းစာဝယ်ဖို့ အထက်က ညွှန်ကြားထားတယ်တဲ့။ ဒါကြောင့် မယူမနေရတဲ့။ ရွာက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတိုင်း ပါတယ်။ မော်လမြိုင်မြို့နယ်ထဲမှာ ကျောင်းပေါင်းက (၃၀၀) ကျော်ရှိတော့ တဖက်က စဉ်းစားရင် မြို့နယ်ကလူတွေ စီးပွားရေးအရ အဆင်ပြေသွားတာပေါ့။ ဝယ်ခိုင်းရင်လည်း နေ့စဉ် ပို့ပေးနိုင်အောင် လုပ်ပေးသင့်တာပေါ့။ ဒါမှ တန်ဖိုးပိုရှိတာပေါ့” ဟု အဆိုပါကျောင်းအုပ်ဆရာက ရှင်းပြသည်။

အလားတူ ကျေးလက်နေ ကျန်းမာရေးဝန်ထမ်းများကိုလည်း လကုန်ရက် အစည်းအဝေးများတွင် ပြီးခဲ့သည့်မတ်လမှစ၍ သတင်းစာ မယူမနေရ အမိန့်ဖြင့် လစာထဲမှ (၂,၀၀၀) ကျပ်ဖြတ်ကာ တလတကြိမ် ထုတ်ပေးနေကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းတဦးက “ကျမတို့က ဒီသတင်းစာတွေအစား အပတ်စဉ်ထုတ် ကျန်းမာရေးဂျာနယ်တို့၊ စာစောင်တို့ကို စီစဉ်ပေးဖို့ မြို့နယ်ဌာနက ဆရာတွေကို တင်ပြတော့ မရဘူးတဲ့။ နင်တို့တွေ ဗဟုသုတရအောင် (ကျန်းမာရေး) ဝန်ကြီးဌာနက ဒီလို ညွှန်ကြားထားတာတဲ့” ဟု ပြောသည်။

မွန်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးမှူး၊ သူနာပြု၊ သားဖွားဆရာမ အစရှိသော ဝန်ထမ်းပေါင်း (၁,၂၀၀) ကျော်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပမည့်အချိန် နီးကပ်လာချိန်တွင်မှ ယင်းကဲ့သို့ အစိုးရဝန်ထမ်းများကို နေ့စဉ်ထုတ် သတင်းစာများ ဝယ်ယူခိုင်းနေခြင်းသည် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဝန်ကြီးများ အနိုင်ရရှိနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း Guiding Star မွန်သတင်းစာ အယ်ဒီတာ နိုင်အာကာက ပြောဆိုသည်။

နိုင်အာကာက “ဒါက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို စည်းရုံးသိမ်းသွင်းတာ ဖြစ်နိုင်တယ်။ သူတို့ဝန်ကြီးတွေ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့အခါ နိုင်အောင်လို့ လုပ်တာ။ သူတို့ရဲ့ သတင်းစာကိုပဲ ဝယ်ခိုင်းတာဆိုတော့ သူတို့လှုပ်ရှားမှုတွေ၊ သူတို့ကောင်းကြောင်းချည်း တွေ့အောင်လုပ်တာ ဖြစ်နိုင်တယ်။ ဒါက ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ အခြားပါတီတွေ မလုပ်နိုင်တဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတရပ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။

No comments:

Post a Comment