Pages

Subscribe

Monday 12 July 2010

အမေရိကန်ရောက် မြန်မာတို့အတွက် မြန်မာရုပ်သံ လာမည်

မိုးမခအထောက်တော် အမှတ် ၈
ဇူလိုင် ၁၂၊ ၂၀၁၀ မြန်မာရုပ်သံ ရိုက်ကူးနေပုံ။ မတူခြားနားသည့် ကမ္ဘာသို့ ရောက်လာသူများကို ပညာပေးမည့် အစီအစဉ် ဟူသော စကားလုံးကို မသုံးလိုဘဲ အတွေ့အကြုံ ဖလှယ်နိုင်မည့် အစီအစဉ်ဟုသာ ပြောဆိုလိုသည်ဟု အကောင်အထည် ဖော်သူများက ဆိုသည် (ဓာတ်ပုံ- journalgazette.net)

ဒုက္ခသည် စခန်းများတွင် နှစ်ပေါင်း အတော်ကြာ နေထိုင်လာပြီး ယခု အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့တွင် ရောက်ရှိနေသည့် မြန်မာပြည်သားတို့အတွက် မြန်မာရုပ်သံအစီအစဉ်များ ထုတ်လွှင့်တော့မည် ဖြစ်သည်။

ပထမဆုံး အစီအစဉ်ကို လာမည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီတွင် ထုတ်လွှင့်မည်ဟု မြန်မာ ရုပ်သံ ဖြစ်မြောက်ရေးတွင် ပါဝင်သူတဦးဖြစ်သည့် ဦးမျိုးမြင့်က မိုးမခကို ပြောပြသည်။

ရုပ်သံလိုင်းများ ဖြစ်သော Comcast, City TV Channel 58 တို့က အပတ်စဉ် ထုတ်လွှင့်မည် ဖြစ်ပြီး Verizon အသုံး ပြုသူများသည် City TV Channel 28 တွင် ကြည့်နိုင်မည်ဟု ဒေသခံ သတင်းစာများတွင် ရေးထားသည်။

တွေ့ဆုံမေးမြန်းခြင်း၊ ဖျော်ဖြေရေး၊ ထိုဒေသရောက် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ စကားဝိုင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ်တွင် ဦးသီဟဘကြည်က မိတ်ဆွေများ ဖြစ်သော ဦးမျိုးမြင့်၊ သတင်းထောက် ဦးသင်းကိုကို တို့နှင့် ဆွေးနွေးပြောဆိုရာမှ ဤအစီအစဉ် ဖြစ်ပေါ်လာကြောင်း၊ ဒုက္ခသည်များထဲတွင် စာမတတ်သူ အများအပြား ပါဝင်သဖြင့် ရုပ်သံ ရိုက်ကူး ထုတ်လွှင့်ရန် စိတ်ကူး ပေါ်လာခြင်း ဖြစ်ကြောင်း ထိုဒေသမှ စာနယ်ဇင်းများတွင် ရေးထားသည်။

ရုပ်သံလိုင်း မရှိသူများ ကြည့်ရှုနိုင်ရန် အစီအစဉ်များကို DVD ဖြင့် ဖြန့်မည်ဟု ဆိုသည်။

အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့သည် မြန်မာ ဒုက္ခသည် ၅၀၀၀ ခန့် အခြေစိုက်နေထိုင်လျက် ရှိသည်။

ဦးသီဟဘကြည် နှင့် ဦးမျိုးမြင့်။ ရုပ်သံအစီအစဉ် အသေးစိတ် သိလိုပါက ဦးသီဟဘကြည် (260-601-1876)၊ ဦးမျိုးမြင့် (443-995-7056) တို့ထံ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ထိုဒေသတွင် ထုတ်ဝေသော News Sentinel နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားသည် (ဓာတ်ပုံ - news-sentinel.com)

No comments:

Post a Comment