Pages

Subscribe

Monday 12 July 2010

ဗီဒီယို ဇာတ်လမ်းခွေများ ဈေးလျှော့ရောင်းရန် အမိန့်ထုတ်

ခိုးကူးခွေ များကြောင့် ဈေးကွက် ယိမ်းယိုင်နေရာ ပြန်လည် ဦးမော့စေရေး အတွက် မြန်မာ VCD ဇာတ်လမ်း ခွေများကို ဈေးနှုန်း လျှော့ချ ရောင်းရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ညွှန်ကြား ထားကြောင်း သိရသည်။

VCD အချပ်ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခြင်း အကြောင်း ကြားစာ များကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်း ရှင်များသို့ ပေးပို့ထားပြီး လိုက်နာခြင်း မရှိပါက ဇာတ်ကား ဖြန့်ချိခွင့် ၃ လ ပိတ်မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းများက မြန်မာ ဗီဒီယို ဇာတ်ကားများ ရောင်းချ ရာတွင် RC စနစ်ဖြင့် တိုက်ရိုက် ရောင်းချသော အခွေအငှား ဆိုင်များအား ဇူလိုင် ၁၂ ရက် ဖြန့်သော ဇာတ်ကား များမှစ၍ လယ်သာ အိတ်ဖြင့် VCD တစုံလျှင် ကျပ် ၇၀၀ အစား ကျပ် ၆၀၀ ဖြင့် ဈေးလျှော့ ရောင်းချ ပေးရမည်ဖြစ်ပြီး ဝေဖာ ပလတ်စတစ်အိတ်ဖြင့်ဆိုလျှင် ကျပ် ၅၅၀ ဖြင့် ရောင်းချရမည်ဟု သတ်မှတ်ပေးလိုက်သည်။

“အခုလို အခွေဈေး ချရောင်းတော့လည်း ရောင်းအားက မတက်လာပါဘူး။ ရေရှည်ဆိုရင်တော့ လုပ်ငန်းရှင်တွေ ပြဿနာ ရှိလာနိုင်တယ်” ဟု ရန်ကုန်မြို့ရှိ ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဗီစီဒီ ဇာတ်လမ်းခွေများကို ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်သော်လည်း ရောင်းအားမှာ ယခင်ရောင်းချနေကျ အချပ်ရေအတိုင်းသာ ရောင်းချနေရ၍ တွက်ခြေမကိုက်ကြောင်း ၎င်းက ပြောသည်။

“မြန်မာ ဗီဒီယိုလောက က ပျက်သလိုဖြစ်နေပြီ။ မြန်မာကားထက် နိုင်ငံခြားဇာတ်လမ်း၊ ကိုရီးယား ဇာတ်လမ်းတွဲတွေပဲ ကြည့်ကြတယ်။ ဆိုင်မှာ ငှားကြည့်ရင် ကားသစ်ဆို ၂၅၀၊ ၃၀၀ ကျပ် လောက် ပေးရတာဆိုတော့ မြန်မာကား ကြည့်မယ့်အစား နိုင်ငံခြားကားတွေကိုပဲ ၀ယ်ကြည့်ကြတယ်” ဟု ဒဂုံမြို့သစ်ရှိ ဗီဒီယိုခွေ အငှားဆိုင် ဖွင့်လှစ်ထားသူ တဦးက ဆိုသည်။

ပြည်တွင်း ဗီဒီယိုဈေးကွက် ပြန်လည် တည်ငြိမ်စေရန် ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဆင်ဆာမဲ့ ခိုးကူးခွေများကို စီမံချက်တရပ်အနေဖြင့် ဖမ်းဆီးခဲ့သည်။

ယင်းစီမံချက်ကြောင့် ရန်ကုန်မြို့တွင် မူရင်းအခွေ ဝယ်ယူမှုသည် ယခင်ထက် ၄၀ ရာခိုင်နှုန်း ပိုမို တိုးတက် လာပြီး ပြည်နယ်နှင့် တိုင်းများတွင် မူရင်းအခွေ ဝယ်မှုပိုမို လာသည်ဟု ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်သော်လည်း ရောင်းအား တက်လာခြင်းမရှိသည့်အတွက် လုပ်ငန်းရှင်များ စုပေါင်း၍ အစည်းအရုံးသို့ ကန့်ကွက်စာ တင်ရန် ဆောင်ရွက်နေကြောင်း ရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

“ဈေးချလို့ ရောင်းအားက အရင်ထက် ၂ ဆလောက် တက်လာရင် ဒီအစီအစဉ် အောင်မြင်တာပေါ့နော်။ အရင်အတိုင်းပဲ ရောင်းရမယ်ဆိုရင်တော့ နည်းလမ်းသစ်ရှာဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ရောင်းအား တက်မလာခြင်းမှာ ခိုးကူးခွေများဖမ်းဆီခြင်းကို ပြန်လည် ရပ်ဆိုင်းထားခြင်းနှင့်လည်း သက်ဆိုင်ကြောင်းသိရသည်။

ဗီဒီယို ဆင်ဆာလက်မှတ်နှင့် ခွင့်ပြုချက် အမှတ်စဉ် မပါရှိသည့် ဗီဒီယိုတိပ်ခွေ၊ ရုပ်ပုံနှင့် အသံကို ရိုက်ကူး ထည့်သွင်းထားသော တိပ်ခွေ၊ လေဆာပြား သို့မဟုတ် အလားတူ ပစ္စည်းကိရိယာကို စီးပွားရေးအလို့ငှာ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်းများ ပြုလုပ်ကျူးလွန်ပါက ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မများအရ ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်ကြောင်း ဗီဒီယို အခြေခံအဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဝတီသတင်းထောက် ဟိန်းဇော် ရေးသားသည်။

No comments:

Post a Comment