Pages

Subscribe

Monday 12 July 2010

အသိမ်းခံ လယ်ယာများကို ဒေသအာဏာပိုင်များ ငှားစား

မကွေးတိုင်း၊ အောင်လံ မြို့နယ်တွင် စစ်အစိုးရက သိမ်းယူခဲ့သော လယ်ယာမြေများကို တောင်သူ လယ်သမား များအား ပြန်လည် လုပ်ကိုင်ရန် ခွင့်ပြုခဲ့ သော်လည်း ဒေသခံ အာဏာပိုင်များက လယ်ယာ မြေတချို့ကို ကြားဖြတ် သိမ်းယူထားပြီး စီးပွားရေးသမားများထံ အငှားချထားကြောင်း သတင်းရရှိသည်။

လယ်ယာမြေများ ပြန်ရရန် အလုပ်သမားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) သို့ ဦးဆောင် တိုင်ကြားခဲ့သည့် လယ်သမား ၅ ဦး၏ လယ်ယာမြေများကို ဒေသခံအာဏာပိုင်များက ပြန်မပေးဘဲ ငှားစားထားခြင်း ဖြစ်ကြောင်း သိရသည်။

“လယ်ယာမြေတွေကို ဆက်လက် သိမ်းယူထားပြီး စီးပွားရေးသမားတွေဆီ တဧကကို တလ ၂၅၀၀၀ ကျပ်နှုန်းနဲ့ ငှားရမ်းပြီး လုပ်ကိုင်ခွင့်ပေးထားတယ်” ဟု လယ်မြေ အသိမ်းခံထားရသူတဦးဖြစ်သည့် ကိုသန်းစိုးက ပြောသည်။

၂၀၀၇ ခုနှစ် မေလတွင် လယ်ဧကပေါင်း ၁၅၀ ကျော်ကို သိမ်းယူခဲ့ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် မူလပိုင်ရှင် တောင်သူများ ပြန်လည် လုပ်ကိုင်နိုင်စေရန် သက်ဆိုင်ရာမှ ချမှတ်ပေးခဲ့သည်။ သို့သော် ကိုသန်းစိုး အပါအဝင် တခြားလယ်သမား ၄ ဦးတို့ အသိမ်းခံထားရသည့် လယ်မြေများမှာ စုစုပေါင်း ဧက ၇၀ ကျော်ရှိကြောင်း သိရှိရသည်။

လယ်ယာမြေများကို ဆက်လက်သိမ်းယူထားသူများမှာ အမှတ် (၆) သကြားစက်မှ ဗိုလ်မှူးတင်အောင်၊ မြေစာရင်းဌာနမှ ဦးတင်မောင်ဘို နှင့် အောင်လံမြို့နယ် မယက ဥက္ကဋ္ဌ ဦးညွန့်ဝေ တို့ဖြစ်ကြောင်း သိရှိရသည်။

ယခုကိစ္စကို ဖြေရှင်းရန်အတွက် လယ်ယာမြေအသိမ်းခံရသော တောင်သူလယ်သမားများ ကိုယ်စား ကိုသန်းစိုးက ပြီးခဲ့သည့် သောကြာနေ့တွင် ILO မှ မစ္စတာ စတိဗ် မာရှယ်လ်နှင့် တွေ့ဆုံခဲ့ပြီး အခြေအနေကို ပြောဆိုတင်ပြခဲ့သည်။

မစ္စတာ စတိဗ် မာရှယ်လ်က “လယ်ယာမြေတွေကို အဓမ္မသိမ်းဆည်းတဲ့ ကိစ္စသာမကဘဲ တခြားကိစ္စတွေဖြစ်တဲ့ မတရား ခိုင်းစေမှုတွေကိုပါ ဖြေရှင်းနိုင်အောင်လို့ မြန်မာအစိုးရနဲ့ ကျနော်တို့တွေ ညှိနှိုင်းမှု လုပ်နေပါပြီ၊ မကြာခင်မှာပဲ ဖြေရှင်းချက် ဆိုတာကို ရရှိတော့မှာ ဖြစ်ပါတယ်”ဟု ပြောကြောင်း သိရသည်။

၂၀၀၈ ခုနှစ်တွင်လည်း နတ်မောက်မြို့နယ်ရှိ စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးတပ်မှ လယ်ယာမြေဧကပေါင်း ၄၀၀၀ ကျော် သိမ်းယူခဲ့ပြီး မတရားသိမ်းဆည်းခံရသော လယ်သမားများကိုယ်စား ဦးဆောင်တိုင်ကြားပေးသူ ကိုဇော်ဌေးကို သရက်ထောင်တွင် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခဲ့သည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

No comments:

Post a Comment