
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပမြို့နယ်အတွင်းရှိ ထိုင်းကမ်းရိုးတန်း အနောက်ပင်လယ်ပြင်တွင်ရှိသော ကော့ခေါ့ခေါင်ကျွန်းတွင် မြန်မာရွှေ့ပြောင်းကျောင်းသားများနှင့် ထိုင်းကျောင်းသား၊ ကျောင်းသူတို့ ပါဝင်သော ကျောင်းသား အယောက် (၇၀) ကျော်တို့က သစ်ပင်အရေအတွက် (၃,၀၀၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုအစီအစဉ်အား Thai Environmental Institute (TEI) ခေါ် ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်စတီကျူနှင့် ထိုင်းတောင်ပိုင်းတွင် အခြေစိုက်သော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) တို့မှ ပူးတွဲကျင်းပပေးခဲ့ခြင်း ဖြစ်သည်။
၁၉၇၂ ခုနှစ်မှစတင်၍ ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့သော ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် အမှန်ကျရောက်သော ဇွန်လ (၅) ရက်နေ့တွင် အဆိုပါအစီအစဉ်အား ယခုကဲ့သို့ ပူးတွဲကျင်းပနိုင်ရေးအတွက် အခြေအနေ မပေးသဖြင့် ယနေ့မှသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးခဲ့သော Youth Outreach လူငယ်သိပံ္ပကျောင်းမှ ဒုတိယနှစ်ကျောင်းသူ မစုစုလှိုင်က “ခုလိုကမ်းခြေမှာသွားပြီး သူငယ်ချင်းတွေနဲ့ သစ်ပင်စိုက်တာ ဒါပထမဆုံးပဲ၊ ဗဟုသုတလည်းရ ပျော်စရာလည်းကောင်းပါတယ်” ဟု ပြောဆိုသည်။
ယင်းသို့ သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ TEI ၏ တောင်ပိုင်း (၅) ခရိုင်ဖြစ်သော ရနောင်း၊ ဖန်င၊ ဖူးခက်၊ ကရာဘီနှင့် တရန်တို့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ခွန်ပေါင်က “အဓိကအချက် (၃) ချက်ရှိတယ်။ အဲဒါတွေက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို ထိန်းသိမ်းဖို့၊ သတ္တဝါတွေ ဗီဇမျိုးစိတ်တွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ နောက်တခု အရေးကြီးတဲ့ ရည်ရွယ်ချက်က ဝိသမလောဘသားတွေ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူပိုင်တဲ့ မြေနေရာတွေကို မတိုးချဲ့လာဖို့ပါ” ဟု ရှင်းပြသည်။
ထိုကျွန်းမြေနေရာ အသီးသီးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လျစ်လျူရှု၍ အများပြည်သူပိုင်သော သစ်တောမြေနေရာများအား ခွဲဝေပိုင်ဆိုင်မှုများ ပြုလုပ်လာကြသည်မှာ ဆူနာမီဖြစ်ပြီးနောက်ပိုင်း ပြုန်းတီးသွားသော ဒီရေရောက်တောများအထိ ကျယ်ပြန့်လာခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့အတွက် ဤလုပ်ရပ်များကို ရပ်တန့်စေခြင်းငှာ ထိုင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနနှင့် ဒေသဆိုင်ရာပြည်သူများက တနိုင်တပိုင် ဝိုင်းဝန်းကြိုးပမ်းနေကြခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါကျွန်းသည် ၂၀၀၄ ခုနှစ် ဆုနာမီရေလှိုင်းရိုက်ခတ်စဉ်က ကျွန်းပေါ်တွင် နေထိုင်လုပ်ကိုင်နေသူများအနက် လူ (၂၀၀) ခန့်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပြီး ကျန်ရှိသူ (၅၀၀) ခန့်မှာ ရေလှိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသည်။
ထိုကျွန်း၏ တဘက်ကမ်း ဘန့်နမ်းခန်ရွာကလေးသည်လည်း ဆူနာမီကြောင့် ထိုင်းနိုင်ငံတွင် လူပေါင်းထောင်ကျော် အသေပျောက်အများဆုံး ကျေးရွာအဖြစ် ဝမ်းနည်းမှတ်တမ်းတင်ခံခဲ့ရသည်။
ဤပူးပေါင်းသစ်ပင်စိုက်ပွဲကို မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ရင်သွေးကျောင်းသားများနှင့် ထိုင်းကျောင်းသားငယ်များ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြယုဒ်တခုအဖြစ် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အခမ်းအနားကြီးကြပ်သူ ကိုသောမတ်စ်က ပြောကြားသည်။
ယခုကာလအတွင်း အဆိုပါဒေသတွင် မည်သူစတင်လိုက်သည်မသိသော ဇွန်လ (၁၂) ရက်နေ့တွင် ငလျင်လှုပ်၍ ဆူနာမီရေလှိုင်းများ လာရောက်ရိုက်ခတ်မည်ဆိုသည့် ကောလာဟလများကြောင့် ဒေသတွင်းနေထိုင်သူများမှာ ကြောက်လန့်နေကြပြီး စားသတိသွားသတိ ဖြစ်နေကြရသည်။ ငလျင်လှုပ်မည်ကို အတိအကျခန့်မှန်း၍ မရကြောင်း၊ နားလည်မှု အားနည်း၍ ဖြစ်မည်ဖြစ်ကြောင်း အချို့ကသုံးသပ်သည်။
No comments:
Post a Comment