မြန်မာ့ရွှေဈေး အတက် ဘက်သို့သာ ဦးတည်လျက် ရှိသောကြောင့် ၀ယ်ယူ သိမ်းဆည်းသူများ ရှိနေပြီး ရွှေဈေး မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။
“ရွှေဈေးက တက်ဦးမှာပဲ၊ အခုတောင်မှ ရွှေကို အတုံးလိုက် ၀ယ်သိမ်းသူတွေ ရှိနေတယ်။ ငွေလိုတဲ့သူတွေက ပြန်ရောင်းကြပေမယ့် ရွှေကို အတုံး စုပြီးသိမ်းတဲ့သူတွေ ပိုများလာတယ်” ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ရှင် တဦးက ပြောသည်။
မြန်မာရွှေဈေးနှုန်းသည် မေလဆန်းပိုင်းက အခေါက်ရွှေ တကျပ်သားလျှင် ၆၄၃၀၀၀ ကျပ်ထိမြင့်တက်ခဲ့ပြီး မေလကုန်ပိုင်းတွင် ကျပ် ၆၄၀၀၀၀ ဈေး ၀န်းကျင် ပြန်ဖြစ်သွားခဲ့သည်။ ဇွန်လ ၂ ရက်နေ့တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၄၂၀၀၀ မှ စတင် တက်လာခဲ့ရာ ၉ ရက်နေ့ပေါက်ဈေးမှာ အခေါက်ရွှေ တကျပ်သားလျှင် ၆၅၁၀၀၀ ဈေး အထိ မြင့်တက်လျက် ရှိကြောင်း သိရသည်။
“ကမ္ဘာ့ ရွှေဈေးနဲ့ ချိတ်ဆက်နေတယ် ဆိုပေမယ့်လည်း အရင်က ဒီလောက်အထိ မတက်ဖူးဘူး။ မေလကုန်လောက်ကပဲ နည်းနည်းပြန်ကျတယ်။ ပြန်ကျတယ် ဆိုတာလည်း ၆ သိန်း ၄ သောင်းမှာ တန့်နေတာပါ၊ ဒီရက်ပိုင်း ပြန်တက်လာတယ်” ဟု ရွှေဆိုင်ပိုင်ရှင် တဦးကဆိုသည်။
ကမ္ဘာ့ရွှေဈေး၊ ပြည်တွင်းရွှေဈေးများ မြင့်တက်လာမည်ဟု ခန့်မှန်းကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသောကြောင့်
ရွှေဈေး ဆက်တိုက်မြင့်တက် လာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။
ငွေကြေး သိမ်းဆည်းခြင်းထက် ရွှေဝယ်သိမ်းထားခြင်းက အကျိုးအမြတ်ရရှိကြောင်း တွက်ဆလာကြပြီး ၂၀၀၉ ခုနှစ်ကတည်းကပင် ရွှေ ၅ ကျပ်သား၊ ၁၀ ကျပ်သား စသဖြင့် အတုံးလိုက် ၀ယ်ယူသူများရှိလာကြောင်း၊ ကမ္ဘာ့ရွှေဈေး တက်လာသည့်အတွက် ရွှေကို
ပြင်ပသို့ ထုတ်ရောင်းလာသည့် ဈေးကွက်လည်း ရှိနေသောကြောင့် ရွှေဝယ်သူ များလာခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် တဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရေတိုစီးပွားရေးသာ လုပ်ကိုင် နိုင်သောကြောင့် ရွှေ နှင့် အိမ်၊ ခြံမြေ ရင်းနှီးမြှုပ်နှံသူ များလာကြောင်း၊ ရွှေမှာ ငွေဖြစ်လွယ်သောကြောင့် အဓိကထား ၀ယ်ယူ စုဆောင်း လာကြခြင်းဖြစ်ကြောင်း သိရသည်။
“အခုအချိန်ကတော့ ပြည်တွင်း ၀ယ်လိုအား ကောင်းနေတယ်လို့ ပြောရမှာပါ။ ရွှေဆိုင်တွေမှာ အရောင်း အ၀ယ်ဖြစ်နေတာက ၅ ကျပ်သား၊ ၁၀ သားအပိုင်းတွေက ပိုသွက်နေတယ်။ အထည်ကို သိပ်မသုံးကြဘူး၊ အပိုင်းလိုက်က ပြန်ရောင်း ရင်လည်း အလျော့တွက် မရှိတော့ ၀ယ်သိမ်းလို့ ကောင်းတယ်” ဟု ရွှေဆိုင် ပိုင်ရှင် တဦးက ဆိုသည်။
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး၊ အမေရိကန်ဒေါ်လာ ဈေးနှင့် ကျပ်ငွေ လဲလှယ်မှု နှုန်းပေါ်တွင် မူတည်ပြီး ဈေးအတက်အကျ ဖြစ်ပေါ်လေ့ရှိကြောင်း၊ ယခု ရက်ပိုင်းတွင် ပြည်တွင်းရွှေ ၀ယ်လက် အားကောင်းလာခြင်းပေါ် မူတည်ကာ ဈေးမာနေခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောဆို နေကြသည်။
ပြည်တွင်းရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးထက် ကျပ် ၄၀၀၀ ကျော် ဈေးမြင့်လျက်ရှိနေပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စလျှင်
၁၂၂၀ ဒေါ်လာ (ကျပ် ၁၂ သိန်းခန့်) ပေါက်ဈေးရှိနေသည်။ အမေရိကန်ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းမှာ ဇွန်လ ၈ ရက်နေ့က တ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၈၅ ကျပ်ရှိကြောင်း မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ငွေလဲဒိုင်များက ဆိုသည်။
Thursday 10 June 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment