
SSA - N တပ်မဟာ (၁) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်)
SSA - S သို့လာရောက် ပူးပေါင်းသော မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်မြောက်ပိုင်း စိန်ကျော့၊ နမ့်လန်၊ လွယ်ခေး၊ လွယ်ပန်း စသည့် ဒေသများရှိ တပ်များမှ ဖြစ်ကြသည်။ အများစုမှာ SSA – N တပ်မဟာ (၃) မှ ဖြစ်ကြပြီး ကျန်ရှိနေသူများထဲမှ ဆက်လက် ထွက်လာမည့်သူများလည်း ရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် SSA – N ဥက္ကဌ ဗိုလ်ချုပ် လွယ်မောင်း နှင့် ဗိုလ်ချုပ် ကိုင်ဖ တို့ ဦးဆောင်ကာ နအဖ စစ်အစိုးရ ကမ်းလှမ်း ထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေးကို သဘောတူခဲ့သည်။
နအဖ အစိုးရနှင့် ၁၉၈၉ မှ စ၍ အပစ်ရပ်သဘောတူထားသည့် SSA – N တွင် တပ်မဟာ (၁) ၊ (၃) ၊ (၇) တို့ ရှိကြပြီး ၎င်းတို့ အနက်မှ လက်နက်အင်အား ငွေအင်အားအတောင့်တင်းဆုံးဖြစ်သည့် ဗိုလ်ချုပ် ပန်ဖ ဦးစီးသော တပ်မဟာ (၁) သည် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန် ငြင်းဆန်နေဆဲ ဖြစ်သည်။
စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေဆဲဖြစ်သော SSA - S သည် ၎င်းတို့ လှုပ်ရှားနေသည့် နယ်မြေများတွင် အစိုးရတပ်များနှင့် ထိပ်တိုက်တွေ့ဆုံခြင်းကို ရှောင်ရှားနေကြောင်း၊ အစိုးရတပ်များကလည်း ဗိုလ်ချုပ် ပန်ဖ ၏တပ်များကို ဖိအားပေးရန် ကြိုးစားနေကြောင်း SSA - S မှ ဗိုလ်မှူးတဦးက ပြောသည်။
နအဖ စစ်အစိုးရထံတွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ထားသည့် ရှမ်းပြည် အမျိုးသား တပ်မတော် (Shan State National Army- SSNA) မှ ဗိုလ်ချုပ် စိုင်းယီ နှင့် ဗိုလ်ချုပ် အောင်မြ တို့သည် ၎င်းတို့ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး ကန်းရွက် ကွယ်လွန် ပြီးနောက် လက်ကျန်တပ်ဖွဲ့များကို စုစည်းကာ ၂၀၀၅ ခုနှစ်တွင် SSA – S ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ၏ အဖွဲ့များနှင့် ပူးပေါင်းခဲ့သည်။
နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် ငြင်းဆန်နေကြသည့် အပစ်ရပ်အဖွဲ့များမှာ ဝ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၊ SSA – N မှ တပ်မဟာ (၁) နှင့် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ ဖြစ်ကြသည်။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နအဖ စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ နှစ်ကုန်ပိုင်းမှ စတင်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ကမ်းလှမ်းခဲ့ပြီး ယခုအချိန်ထိ စခုန်တိမ့်ယိမ်း ဦးဆောင်သည့် ကချင်အပစ်ရပ်အဖွဲ့ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K) ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ (၁)၊ တာချီလိတ်မြို့နယ်ရှိ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကသာ သဘောတူခဲ့ကြသေးသည်။
ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။
No comments:
Post a Comment