Pages

Subscribe

Tuesday 6 July 2010

ဆေး (၁) ပထမနှစ်များ လယ်ဝေးသို့ ရွှေ့မည်

ဆေးတက္ကသိုလ် (၁) ရန်ကုန် ပထမနှစ် သင်တန်းများကို နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့သို့ လာမည့်နှစ်တွင် ရွှေ့ပြောင်းရန် အစီအစဉ် ရှိကြောင်း သိရသည်။

ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် တက္ကသိုလ် ပရ၀ုဏ် ၃ ခုရှိပြီး လမ်းမတော်၊ ပြည်လမ်း (လိပ်ခုံးကျောင်း) နှင့် သထုံလမ်း တို့တွင် ဖြစ်သည်။ လမ်းမတော် ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံ သစ်ကြီးတို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန အနီးတွင် တည်ရှိသည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ ဆေးတက္ကသိုလ် (၁) (လိပ်ခုံး) (ဓာတ်ပုံ - panoramio.com)

ယခု ပြောင်းရွှေ့ရန် စီစဉ်နေသော အတန်းမှာ သထုံလမ်းတွင် သင်ကြားကြရသော ဆေးတက္ကသိုလ် ပထမနှစ် သင်တန်းများ ဖြစ်ကြောင်း သိရသည်။

ဆေးတက္ကသိုလ်(၁) မှ ဆေးကျောင်းသား တဦးက“ဆေး (၁) ပထမနှစ် အတန်းတွေကို ၂၀၁၁ မှာ လယ်ဝေးကို ပြောင်းမယ် လို့ ဆေး(၁) ပါမောက္ခချုပ်က ပြောပါတယ်”ဟု ဆိုသည်။

ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်မှာ ဒေါက်တာ အေးမောင်ဟန် ဖြစ်ပြီး ဆေးကျောင်းသား ကျောင်းသူပေါင်း ၂၅၀၀ ခန့် ရှိသည်။

ဆေး (၁) ကို လယ်ဝေးသို့ ရွှေ့ချင်သည်မှာ နေပြည်တော်တွင် ဆေးတက္ကသိုလ် ဖွင့်လိုသောကြောင့် ဖြစ်သည်ဟု အခြား ဆေးကျောင်းသားတဦးက ဆိုသည်။

ဆေး (၁) ကို တခုလုံး ရွှေ့ပြောင်းရန်မှာ ဖြစ်နိုင်ဦးမည် မထင်ကြောင်း၊ ဆေးတက္ကသိုလ် အတန်းကြီးများအတွက် သင်ကြားရေးဆေးရုံများနှင့် တွဲဖက်ထားရန် လိုအပ်ကြောင်း ဆရာဝန်တဦးက ပြောသည်။

ဆေးတက္ကသိုလ် (၁) နှင့် တွဲဖက်ထားသော သင်ကြားရေး ဆေးရုံများမှာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံနှင့် အလုပ်သမား ဆေးရုံအပါအဝင် ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၁၀ ရုံ ပါဝင်သည်။

မန္တလေး ဆေးတက္ကသိုလ်ကိုလည်း မုံရွာသို့ ရွှေ့မည်ဟု သတင်းများ ထွက်ပေါ်သော်လည်း မဖြစ်နိုင်သဖြင့် ကောလာဟလသာ ဖြစ်နိုင်သည်ဟု ဆေးတက္ကသိုလ် အသိုင်းအဝန်းမှ သိရသည်။

ဆေးတက္ကသိုလ် သင်တန်းကာလ ၆ နှစ်တွင် စာတွေ့ ၅ နှစ်နှင့် အလုပ်သင် ဆရာဝန်ကာလ ၁ နှစ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မန္တလေး ဆေးတက္ကသိုလ်နှင့် မကွေး ဆေးတက္ကသိုလ် ဟူ၍ ၄ ခုရှိသည်။

ဆေးတက္ကသိုလ် (၁) ရန်ကုန် သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ်များအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ဆေး ကျောင်းဖြစ်ပြီး ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာစပင် ဆာဟာကုတ် ဘတ္တလာက အုတ်မြစ်ချပေးခဲ့သည်။

ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။

No comments:

Post a Comment