Pages

Subscribe

Tuesday 6 July 2010

ပြည်သူ့ခေတ် သတင်းဂျာနယ် စတင်ဖြန့်ချိ

ပြည်သူ့ခေတ် သတင်းဂျာနယ် စတင်ဖြန့်ချိသည့်အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ M3 စားသောက်ဆိုင်၌ ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်သည်။

ဂျာနယ်တွင် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ၊ အယ်ဒီတာချုပ် ဖေမြင့်၊ ဒုတိယ အယ်ဒီတာချုပ် မော်လင်း၊ အမှုဆောင် အယ်ဒီတာအဖွဲ့ဝင် ကိုမျိုးညွန့်၊ ကိုရဲ၊ တာဝန်ခံ အယ်ဒီတာ မင်းနိုင်စိုး၊ အယ်ဒီတာ မင်းသက္က ဟူ၍ ဖော်ပြထားသည်။

ဂျာနယ်ထုတ်ဝေခွင့်ကို စာရေးဆရာ မောင်ဝံသ အမည်ဖြင့် ကျခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာဖေမြင့်က အခမ်းအနားတွင် ပြောကြားပြီး အပတ်စဉ် ကြာသပတေးနေ့တွင် ဂျာနယ် ထွက်ရှိမည်ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ခေတ်ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် သီးသန့်ထုတ်ဝေခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တထောင့်တနေရာက ပါဝင်ခြင်းဖြစ်ကြောင်း စာရေးဆရာ မောင်ဝံသ က ပြောသည်။

မြန်မာပြည်တွင်း နေထိုင်ကြသော လူငယ်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲအပေါ် အမြင်များ၊ လူငယ်နှင့်နိုင်ငံရေး အကြောင်းများကိုလည်း သိစေလိုကြောင်း၊ အလျဉ်းသင့်သလို ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း ဆရာမောင်ဝံသက ပြောသည်။

ယနေ့ အခမ်းအနားတွင် စထွက်လာသော ပြည်သူ့ခေတ် သတင်းဂျာနယ် အမှတ် (၁) ကို ဝေငှသည့်အတွက် ဖတ်ရှုရသော ပြည်တွင်းမီဒီယာသမားများက နှစ်သက်အားပေးကြကြောင်း အခမ်းအနားတက်သူတဦးက ပြောသည်။

ပြည်တွင်း သတင်းအယ်ဒီတာတဦးက “ဆရာ မောင်ဝံသတို့၊ စာရေးဆရာ ဖေမြင့်တို့ ရေးတဲ့ ဆောင်းပါးကောင်းတွေ၊ ဆရာကြီး လူထုစိန်ဝင်းရေးတဲ့ ဆောင်းပါးတွေ တွေ့ရတယ်။ ကျနော်ကတော့ ပြည်သူ့ခေတ် ဘယ်လောက်လုပ်နိုင်မလဲ စောင့်ကြည့်ပြီးတော့ အားပေးမယ်” ဟု ပြောသည်။

ယင်းဂျာနယ်တွင် နိုင်ငံရေးနှင့် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းများ၊ ရန်ကုန်မြို့သတင်းများ၊ ဘာသာပြန်သတင်းများ ပါဝင်ကြောင်း ဂျာနယ်ဖတ်ရှုခဲ့သူတဦးက ပြောသည်။

“အပြင်မှာတော့ဗျာ၊ ပြည်သူ့ခေတ်ဂျာနယ်ဆိုတာ တော်တော်လေးပြန့်နေတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရေးမယ့် ဂျာနယ်အနေနဲ့ နာမည်ကြီးနေတာပေါ့၊ ဒီအစိုးရ လက်ထက်မှာ ဘယ်ဂျာနယ်တွေ ဘယ်အတိုင်းအတာထိ လုပ်ခွင့်ရလို့လဲဗျာ။ ဆရာဖေမြင့်တို့ မောင်ဝံသတို့ကိုတော့ ကျနော်တို့ လေးစားပြီးသားပါ။ သူတို့ ဘယ်လောက် လုပ်လို့ရနိုင်မလဲ ဆိုတာကို ကျနော်တို့က စောင့်ကြည့်မျှော်လင့်နေပါတယ်” ဟု ပြည်တွင်း သတင်းအယ်ဒီတာတဦးက ပြောသည်။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

No comments:

Post a Comment