Pages

Subscribe

Tuesday 6 July 2010

ခမောက်တံဆိပ်ကိစ္စ သွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့အား အာဏာပိုင်များမှ ဖိအားပေးနှောက်ယှက်ခြင်း

ဓာတ်ပုံ ညီငယ် ဘားမားပါပါရာဇီမှ ပေးပို့ပါတယ်...
တနင်္လာနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခမောက်တံဆိပ် ကိစ္စသွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါက်တာဒေါ်မေဝင်းမြင့်နှင့် ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ် တို့အား နေပြည်တော်ရှိ စည်ပင်တည်းခိုခန်းမှ တည်းခိုခွင့်အား ပိတ်ပင်သဖြင့် ယမန်နေ့ညက ရန်ကုန်သို့ ကားဖြင့် ချက်ခြင်း ပြန်လာခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" တနင်္လာနေ့က ဒေါက်တာမေဝင်းမြင့်နဲ့ ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့ နေပြည်တော်ကို ခမောက်တံဆိပ် ကိစ္စသွားရောက် ကန့်ကွက်စာ ပေးပို့ခဲ့တယ်။ ကျန်တဲ့ဟာတွေတော့ အဆင်ပြေပါတယ်...။ ဒါပေမယ့် မနေ့က နေ့ခင်းပိုင်းက စပြီး အမျိုးမျိုးပေါ့ နောက်ဆုံး ဒေါက်တာမေဝင်းမြင့်တို့က ရထားလက်မှတ်ကို ဒီနေ့ အင်္ဂါနေ့ မနက်မှ ရထားနဲ့ ပြန်လာဖို့ ရထားလက်မှတ်ဝယ်ထားတာ... အဲဒါ မနေ့ကညက သူတို့ကို စည်ပင်တည်းခိုခန်းက တည်းခိုခွင့် မပေးဘူး ဆိုပြီးလုပ်ပါတယ်... လုပ်တော့ သူတို့ညကြီး ကားလက်မှတ်ယူပြီး ပြန်လာရတာပေါ့.. အမှန်ကတော့ တစ်ညအိပ်မလို့ပါ ... နည်းနည်းပေါ့ ဘာမှတော့ မဟုတ်ပေမယ့် အနှောင့်အယှက် ဖြစ်အောင်လုပ်တာပါ.. "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ပုံအား အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် CEC အဖွဲ့ဝင်အချို့ ဖွဲ့စည်းထားတဲ့ (အမျိုးသားဒီမိုကရေစီအင်အားစု) NDF ပါတီမှ ၎င်းတို့ပါတီ၏ အမှတ်တံဆိပ် တစ်ခုအနေဖြင့် သုံးစွဲမည့် အပေါ်မှာ ကန့်ကွက်နိုင်ကြောင်း အစိုးရသတင်းစာများမှာ ပါရှိလာပါတယ်။ ထို့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ CEC, CC နဲ့ အဖွဲ့ဝင် ၁၅ယောက် လက်မှတ်နဲ့ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ ဒေါက်တာမေဝင်းမြင့်နဲ့ ရှေ့နေကြီးဒေါ်ခင်ဋ္ဌေးကြွယ်တို့ မှကန့်ကွက်စာ ပေးအပ်ဖို့အတွက် (၄)ရက်နေ့ တနင်္ဂနွေ နေ့က နေပြည်တော်တို့ သွားရောက် ခဲ့ပါတယ်။ အဆိုပါ တနင်္ဂနွေ နေ့၌ စည်ပင်တည်းခိုခန်း၌ တည်းခိုခွင့်ရခဲ့ပြီး တနင်္လာနေ့ ကန့်ကွက်စာ ပေးပို့ပြီးတဲ့နောက် ယခုလို နှောင့်ယှက်ခြင်း ခံရတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး " ဒီလိုတည်းခိုခွင့် မပြုတာကို စည်ပင်ဝန်ထမ်းနဲ့ သတင်းတပ်ဖွဲ့ပေါ့... သတင်းတပ်ဖွဲ့ကတော့ သူ့တို့ကို ပြစ်မှုမကျူးလွန် ပါဘူးဆိုပြီး ဝန်ခံချက်ထိုးခိုင်းတယ်။ ဒေါ်မေဝင်းမြင့်တို့က လက်မှတ်မထိုးပေးဘူး... ဘာမှ ဆိုင်ဘူးတဲ့ ထိုးစရာလည်း မလိုဘူး... ဆိုပြီးမထိုးခဲ့ဘူး..။ အဲ့ဒါနဲ့ချက်ခြင်း ညကားနဲ့ ပြန်လာတာ ဒီနေ့မနက် (အင်္ဂါနေ့) မနက်မှာ အစောကြီး ပြန်ရောက်ပါတယ်။ တင်တာတော့ တင်ဖြစ်တာပေါ့...။ နေပြည်တော်မှာ အန်ကယ်လည်းရောက်ဘူးပါတယ်။ စည်ပင်သာယာက ဖွင့်ထားတဲ့ တည်းခိုးခန်းပဲ လူအများတည်းနိုင်တာ ကျန်တာတွေက ဟိုတယ်ကြီးတွေ.. တရက်ကို ၅သောင်း ၆သောင်း တစ်သိန်းအဲ့ဒီလို ပေးရတာ..။ အဲ့တော့ တည်းခိုစရာ စည်ပင်တည်းခိုခန်း ဒီတစ်ခုပဲရှိတယ်။ တစ်ခန်းကို ကုတင် ၃လုံးပါတယ် ၄၅၀၀ကျပ် ပေးရတယ်။ တစ်ညတည်းပြီးတော့ နောက်တစ်နေ့မှာ ပေးမတည်းတာ တမင်ဖိအားပေးတာပေါ့...။ ကန့်ကွက်လွှာ တင်တာတော့ တင်ခဲ့ပြီ ဘယ်တော့ ဆုံးဖြတ်မလဲတော့ မသိသေးဘူးဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ ပါတီထူထောင်ချိန်မှ စ၍ယနေ့အထိ စစ်အစိုးရနဲ့ အာဏာပိုင်များရဲ့ ဖိနှိပ်မှုကို အသက်၊ သွေးချွေးတွေ ရင်းပြီး စဉ်ဆက်မပြတ် အဖိနှိပ်ခံ နေရသော်လည်း.. ယနေ့အထိ ကြံ့ကြံ့ခံကာ ပြည်သူတွေဘက်က ရပ်တည်နေကြပါတယ်။ ယခုကဲ့သို့ ဂုဏ်သရေရှိ အဖွဲ့ချုပ်အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးအား အာဏာပိုင်များမှ ဖိအားပေး နှောင့်ယှက်ခြင်းဟာ အင်မတန်မှ အကျည်းတန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

သတင်း ဒီမိုဝေယံဘလော့ဂ်မှ ရယူပါသည်။

No comments:

Post a Comment