အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က ခမောက်ပုံ အမှတ် တံဆိပ်အား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရားဝင် ကန့်ကွက် လိုက်ပြီ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်မေ၀င်းမြင့်နှင့် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်တို့က နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင် ကန့်ကွက်စာကို ယမန်နေ့က တင်သွင်းလိုက်ခြင်း ဖြစ်သည်။
“ခမောက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ရဲ့ သင်္ကေတ ၊ ဒါကို ယူသုံးတာ ၊ ထင်ယောင် ထင်မှား ပြုလုပ်တာဟာ အတုအပ ပြုလုပ်တာပဲ ၊ ဥပဒေအရကို ငြိစွန်းတယ် ၊ ဒါ့ကြောင့် တရားဝင် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်"ဟု NLD ပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစု (NDF)က ခမောက်ပုံ အမှတ်တံဆိပ်ကို ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုရန် ဇွန်လ (၂၄) ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကိုကန့်ကွက်လိုပါက ၇ ရက်အတွင်း ကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာမှတဆင့် ကြေညာခဲ့သည်။
ခမောက်တံဆိပ်ကန့်ကွက်ခံရမှုနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ဥက္ကဌ ဒေါက်တာသန်းငြိမ်းက "ကျနော်တို့ ကတော့ ကော်မရှင်ဥပဒေအရ တင်ခွင့်ရှိတယ်လို့ ယူဆလို့ တင်တာပဲ ၊ သူတို့ကလည်းပဲ သူတို့ ကန့်ကွက်လို့ရတယ် ထင်လို့ ကန့်ကွက်တာပဲလေ ၊ ဒါကို ဆုံးဖြတ်မှာက ကော်မရှင်က ဆုံးဖြတ်ရမှာပါ"ဟု ပြောသည်။
NLD ပါတီသည် မူလက ကြယ်တလုံးနှင့် ခွပ်ဒေါင်းပုံကို အလံနှင့်ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလတွင် ဦးချစ်ခိုင်နှင့် ဦးခင်မောင်ဆွေတို့က ရွေးကောက်ပွဲကော်မရှင်က ချပေးသော အသုံးပြုနိုင်သည့် ပါတီ အမှတ် တံဆိပ်အမျိုးအမျိုးအနက် ခမောက်ပုံကို ရွေးချယ်ခဲ့ရာ NLD ပါတီ၏ အမှတ်တံဆိပ်သည် ခမောက်ဖြစ်လာကြောင်း သိရသည်။
ပါတီ (၉၃) ပါတီ ၀င်ပြိုင်သော ၁၉၉၀ ရွေးကောက်ပွဲတွင် NLDက "ခမောက်ဘေးမှာ ကြက်ခြေခတ် ၊ အဲဒါ အောင်ပွဲမှတ်"ဟူသော ဆောင်ပုဒ်နှင့်အတူ နိုင်ငံတ၀န်း မဲဆန္ဒနယ် (၈၂) ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ယခုအချိန်ထိ အာဏာလွှဲပြောင်းပေးခြင်း မရှိပေ။
စစ်အစိုးရက ထပ်မံကျင်းပပေးမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတခြင်း မရှိဟုဆိုကာ လွန်ခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်ပါတီကို ထပ်မံမှတ်ပုံမတင်ရန် NLDက ဆုံးဖြတ်ခဲ့သည်။
ထို့နောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် (၄) ဦးတို့က စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံခဲ့ကြပြီး (NDF) ပါတီကို မေလ (၆) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ခမောက် အမှတ်တံဆိပ်ကို ပါတီ တံဆိပ်အဖြစ်အသုံးပြုရန် လျှောက်ထားလာရာ NLD ပါတီဝင်များ ကန့်ကွက်စာတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
မကွေးတိုင်းမှ NLD ပါတီဝင်များနှင့်လူထု လက်မှတ်ရေးထိုးထားသည့် ကန့်ကွက်လွှာများကို မကွေးတိုင်း NLD ပါတီဝင် ကိုနေမျိုးကျာ်က ရွေးကောက်ပွဲကော်မရှင်သို့ ယမန့်နေ့က တင်သွင်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင် စည်းရုံးရေးကော်မတီဝင် ဒေါ်မြင့်မြင့်အေးကလည်း “ကျမတို့ မန္တလေးတိုင်းကလည်း ဒါကို လက်မခံနိုင်ပါဘူး ၊ မန္တလေးတိုင်းအနေနဲ့က မနေ့က စာတိုက်ကတဆင့်ပို့တယ်။ ကျမတို့ မိတ္ထီလာခရိုင်အနေနဲ့ကလည်း လက်မှတ် (၁၄၄) ခု စုဆောင်းပြီး ဒီနေ့ နေပြည်တော်ကို မိတ္ထီလာခရိုင် တွဲဖက်အတွင်းရေးမှူး ကိုအောင်မိုးနဲ့ အဖွဲ့ဝင် ဦးစိုးပိုင်တို့ ကိုယ်တိုင်သွားပြီး ကန့်ကွက်နေပါပြီ"ဟု ပြောသည်။
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ကလည်း ကန့်ကွက်လွှာများကို ရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ ပေးပို့ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။
Tuesday, 6 July 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment