Pages

Subscribe

Tuesday 6 July 2010

တက္ကသိုလ် စာမေးပွဲများ ၁ လစော ကျင်းပမည်

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ရှိသောကြောင့် မြန်မာ နိုင်ငံတ၀န်းရှိ တက္ကသိုလ် စာမေးပွဲများကို ၁ လစော၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာလနှင့် မတ်လများတွင် ပုံမှန် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ သြဂုတ်လတွင် အပြီး ကျင်းပရမည်ဟု အထက်က ညွှန်ကြားထားကြောင်း ပညာရေး အသိုင်းအ၀န်းမှ သိရသည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (ဓာတ်ပုံ - panoramio.com)

ရန်ကုန်မြို့ရှိ ပါမောက္ခ တဦးက “ရွေးကောက် ပွဲကြောင့် စာမေးပွဲ တွေကို အရင်ကထက် ၁ လ စောပြီး ကျင်းပရမှာပါ။ သူတို့ လုပ်ချင် သလို လုပ်နေတာပေါ့။ နည်းနည်းလောက် ဖြေရင်တောင် အအောင် ပေးမယ့် သဘော ရှိတယ်”ဟု ပြောသည်။

စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် အတွင်း ကျင်းပ မည်ဟု နိုင်ငံတကာတွင် ထုတ်ဖော် ပြောကြား ခဲ့သော်လည်း ကျင်းပမည့် ရက်ကို ယခုအချိန်အထိ သတ်မှတ်ခြင်း မရှိသေးပေ။

အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ကလည်း စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေအတွင်းရေးမှူး (၁) ဒေါ်ချိုချိုကျော်ငြိမ်းက နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဖြစ်သဖြင့် ရွေးကောက်ပွဲကို စစ်အစိုးရအနေဖြင့် အောက်တိုဘာလကုန်တွင် ကျင်းပနိုင်ကြောင်း ဆိုသည်။

“နောက်ကျမှလုပ်ရင် ပိုကြိုက်တာပေါ့။ အခုက ၃ လတောင် မကျန်တကျန်ဆိုတော့ အရမ်းကို အချိန်နည်းလို့ အသက်တောင် မရှုနိုင်ဘူး။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ကကျတော့ ကြာပြီလေ။ အလုပ်လုပ်ချိန်အရမ်းရှိတယ်။ ကျမတို့မှာ ဘာမှ အလုပ်လုပ်ချိန် မရှိတော့ဘူးလေ”ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ဆက်လက်ပြောသည်။

ယခင်က အောက်တိုဘာလတွင် ကျင်းပလေ့ရှိသော နည်းပညာ တက္ကသိုလ် စာမေးပွဲများကိုလည်း အမြန်ဆုံး ပြီးရေးအတွက် သြဂုတ်လ အတွင်း ကျင်းပရန် ညွန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အေးသာယာ နည်းပညာ တက္ကသိုလ်မှ ကျောင်းသူတဦးက “အခုက ကျောင်းမှာ စာတွေကို အရမ်းဖိသင်နေတယ်။ ကျောင်းခေါ် ချိန်တွေလည်း အပြည့် ဖြည့်ခိုင်း။ အဲသလိုတွေလုပ်နေတယ်၊ ရွေးကောက်ပွဲကြောင့်လို့တော့ ပြောတာပဲ” ဟု ဆိုသည်။

လားရှိုး တက္ကသိုလ်မှ ကျောင်းသားတဦးက“ကျောင်းမှာ တရားဝင် ကြေညာတာမျိုးတော့ မရှိသေးဘူး။ ဆရာမတွေကတော့ ပြောနေတယ်။ စာတွေ စောစောစီးစီး ကျက်ထားဖို့ မှာထားတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် လူထု အုံကြွမှုအပြီး နိုင်ငံတ၀န်းလုံးရှိ ကျောင်းများ၊ တက္ကသိုလ်များကို ၂ နှစ်ခန့် ပိတ်ထားခဲ့ပြီး ပြန်လည် ဖွင့်လှစ်ရာတွင် ၆ လလျှင် တကြိမ်ကျ စာမေးပွဲများကို ကျင်းပခဲ့သည်။

၁၉၉၆ ခုနှစ်တွင်လည်း ကျောင်းသား လှုပ်ရှားမှုကြောင့် စစ်အစိုးရက တက္ကသိုလ်များကို ၃ နှစ်ခန့် ပိတ်ထားခဲ့သည်။ ၁၉၉၉ ခုနှစ်မှ စတင်၍ နိုင်ငံတ၀န်းလုံးတွင် တက္ကသိုလ်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၀ိဇ္ဇာ၊ သိပ္ပံ ရိုးရိုးဘွဲ့များအတွက် သင်တန်းကာလကို ၄ နှစ်မှ ၃ နှစ်သို့ လျှော့ချ သတ်မှတ်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာ ပညာရေးသည် နိုင်ငံတကာ အဆင်အတန်း မီကြောင်းနှင့် နိုင်ငံတ၀န်းလုံး တွင် တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁၅၆ ခုရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

No comments:

Post a Comment