Pages

Subscribe

Tuesday 6 July 2010

အာဏာပိုင်များ တင်းကျပ်၍ ပါတီစည်းရုံးရေး အနှောင့်အယှက်ဖြစ်

အာဏာပိုင်များက နည်းမျိုးစုံ စောင့်ကြည့် နေသဖြင့် နိုင်ငံရေးပါတီများ စည်းရုံးရေး လုပ်ငန်း အနှောင့်အယှက် ဖြစ်ရသည်ဟု သိရသည်။

မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက မြောက်ဥက္ကလာပ မြို့နယ်တွင် ပါတီရုံးခွဲ ဖွင့်ပွဲနှင့် ပါတီဝင်အသစ်များ စည်းရုံး ခြင်း အခမ်းအနားကို ပြီးခဲ့သည့် ရက်ပိုင်းက လုပ်ဆောင်ရာ နယ်မြေခံ ရဲအထူးသတင်း တပ်ဖွဲ့ (အက်စ်ဘီ) နှင့် စစ်ဖက် ရေးရာ လုံခြုံရေး (စရဖ) အဖွဲ့ဝင်များအပြင် လုံထိန်းကားများပါ ရောက်ရှိလာသဖြင့် ပါတီဝင်ဖြစ်ရန် စည်းရုံးထားသူများ ရှောင်ပြေးကုန်သည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဝေက ပြောသည်။

“ပါတီရုံးခွဲဖွင့်တုန်းက လူ ၃၀ လောက်လာတက်တယ်။ ပါတီဝင်တွေလည်းရှိတယ်။ အက်စ်ဘီနဲ့ စရဖ တွေက အယောက် ၂၀ လောက်ရှိတယ်။ ဒီလိုမျိုးလာကြတော့ တချို့က ရှိန်ပြီး မလာတာတွေရော၊ ပြန်ကုန်တာတွေ ကြုံရပြီး ပါတီရုံးခွဲ ဆိုင်းဘုတ်ထောင် တာတောင် သေသေချာချာ မလုပ်လိုက်ရဘူး”ဟု ဦးနေမျိုးဝေက ဆိုသည်။

ပါတီဖွင့်ပွဲ လာရောက်သူများကို ပါတီဝင်ရန် စည်းရုံးပြီး ဖောင်ဖြည့်ခိုင်းနေစဉ်တွင် လုံထိန်းကား ၂ စီး ရောက်ရှိလာပြီး စောင့်ကြည့်နေသဖြင့် ဖောင်ဖြည့်နေသူများ အလျှိုအလျှို ထွက်ပြေးသွားကြသည်ဟု ယင်းပါတီဝင်တဦးက ပြောသည်။

“သူတို့ကတော့ ဘာမှတော့ မလုပ်ဘူး။ ဒါပေမယ့် လုံထိန်းကားတွေ တွေ့တော့ ပါတီဝင်မယ့် ပြည်သူတွေက ကြောက် လန့်ပြီး ပြန်ကုန်ရော။ တချို့ဆို ဖောင်ဖြည့်ပြီး လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်။ ဖောင်တွေ ဒီအတိုင်းထားခဲ့ပြီး ပြန်ပြေးကုန်တယ်” ဟု အဆိုပါ ပါတီဝင်က ဆိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့က ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် ပါတီစည်းရုံးရေးနှင့် ရန်ပုံငွေ ကောက်ခံခြင်းများ လုပ်ဆောင်ရာ၌လည်း နယ်မြေခံ အာဏာပိုင်များ၏ တားမြစ်မှုကို ခံရသည်ဟု ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မျိုးထွန်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၂ ရက်နေ့စွဲဖြင့် နိုင်ငံရေးပါတီများ ပါတီဝင်အင်အား စုဆောင်း ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေး ပါတီများသည် စုဝေးခြင်းနှင့် ဟောပြော ခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ အနည်းဆုံး ၇ ရက်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်ကို လျှောက်ထားရမည် ဖြစ်သည်။

ခွင့်ပြုမိန့် လျှောက်ထားသည့် ပါတီများသည် စုဝေး ဟောပြောမည့် နေရာ၊ နေ့ရက်၊ စတင်မည့် အချိန်နှင့် ပြီးဆုံးမည့် အချိန်၊ တက်ရောက်မည့် လူအင်အား၊ ဟောပြောမည့်သူ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့ကိုလည်း တင်ပြရမည်ဟု ညွှန်ကြားချက်တွင် ပါရှိသည်။

ကော်မရှင် အဖွဲ့ခွဲက လျှောက်ထားချက်ကို စိစစ်ပြီး ခွင့်ပြုမိန့်ကို စုဝေး ဟောပြောခြင်း မစတင်မီ ၄၈ နာရီထက်မနည်း ကြိုတင် ထုတ်ပေးမည်ဖြစ်သကဲ့သို့ ပါတီများက လျှောက်ထားချက်ကို ပြန်လည် ဖျက်သိမ်းလိုပါကလည်း ၄၈ နာရီ ထက် မနည်း ကြိုတင် အကြောင်းကြားရမည်ဟု ဖော်ပြထားသည်။

ကော်မရှင်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကာ ဟောပြောစည်းရုံးမှုများ ပြုလုပ်သော်လည်း ဒေသဆိုင်ရာ အာဏာ ပိုင်များက အနှောင့်အယှက်ပေးသကဲ့သို့ ဖြစ်နေသည်ဟု ပါတီများက ဆိုသည်။

ယင်းသို့ အဆင်မပြေမှုများကြောင့် ပါတီသစ်များအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ကော်မရှင်က သတ်မှတ်ထားသော ပါတီဝင်အင်အားကို စုဆောင်းရာတွင် အခက်အခဲ ဖြစ်စေသည်ဟု ပါတီများက တညီတညွတ်တည်းပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖူးပြီး ယခု ရွေးကောက်ပွဲအတွက် ပါတီ ဆက်လက်တည်ထောင်ခွင့် လျှောက် ထားခဲ့သော မြို (ခေါ်) ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့က ဇွန်လ ၂၉ ရက်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဇူလိုင်လ ၅ ရက်တို့တွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဝင်အင်အား စာရင်းကို အသီးသီးတင်ပြခဲ့ကြသည် ဟု ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ပါတီစည်းရုံးရေးတွင် အခက်အခဲ ကြုံတွေ့ရသည့်အပြင် ပါတီများကို ငွေကြေးထောက်ပံ့လိုသော စီးပွားရေး လုပ်ငန်း ရှင်များသည်လည်း အာဏာပိုင်များနှင့် ပြဿနာဖြစ်မည်စိုးပြီး မလှူရဲကြောင်း သိရသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက“တချို့ စီးပွားရေးလုပ်ငန်းရှင်တွေက လှူချင်တဲ့စိတ် ရှိပေမယ့် နောက်ပိုင်းမှာ ဘာဖြစ်မလဲ၊ တခုခုများ ပြန်ထိမလားဆိုတာကို စိုးရိမ်နေကြတယ်”ဟု ပြောသည်။

တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီ ၄၂ ပါတီ၊ နိုင်ငံရေးပါတီ မှတ်ပုံတင် ခွင့် လျှောက်ထားသည့် ပါတီ ၃၈ ပါတီနှင့် ခွင့်ပြုချက်ရပြီးသော ပါတီ ၃၆ ပါတီ ရှိပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ဧရာဝတီသတင်းထောက် ဆက်လင်း ရေးသားသည်။

No comments:

Post a Comment