Pages

Subscribe

Tuesday 6 July 2010

စစ်တွေတွင် ကျောင်းသားများဆန္ဒပြ

စစ်တွေတွင် နည်းပညာကောလိပ်ကျောင်းသား (၃၀၀) ကျော်တို့က ဇူလိုင် (၅) ရက်၊ ယမန်နေ့၌ ဆန္ဒပြခဲ့ကြကြောင်း စစ်တွေ မြို့ခံတဦးက ပြောသည်။

ကျောင်းသားများက ကားခဈေးပိုတောင်းသည်ကို မကျေနပ်သည့်အတွက် ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေး ကောင်စီရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

“စစ်တွေကျောင်းသားတွေ မလွယ်ဘူး၊ ထစ်ကနဲဆိုရင် ဆန္ဒပြချင်ကြတာ။ သူတို့က အနာတွေနဲ့လေ၊ အခုလို ကိစ္စမျိုးပေါ့။ ကျောင်းကားကို လုံလုံလောက်လောက် မပေးနိုင်ဘူး။ အခြားကားတွေကလည်း ဈေးတင်တောင်းတယ်ဆိုတာမျိုးကို ကျောင်းသားတွေက လုံးဝမနှစ်သက်ကြဘူး။ ဒီလိုမျိုးဆိုရင် နောင်လည်း ဖြစ်နေဦးမှာပါ” ဟု စစ်တွေ ဘောက်သီးစုရပ်ကွက်မှ ပြည်သူတဦးက ပြောသည်။

ကျောင်းသားများအတွက် စီစဉ်ပေးသော ကျောင်းကားများ ထွက်သည့်အရေအတွက် နည်းသည့်အတွက် အခြားကားများကလည်း ကားခ ပိုတောင်းမှုအပေါ် ကျောင်းသားများက ဒေါသထွက်ရာမှ ဆန္ဒပြမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

“စစ်တွေက လူတွေကလည်း ကျောင်းသားတွေကို အားပေးတယ်။ သွားကြည့်သူနဲ့ ဆန္ဒပြသူတွေ လူအုပ်ကြီးက ထောင်ဂဏန်း နီးပါး ဖြစ်သွားတယ်” ဟု ကမ်းနားလမ်းတွင် ကုန်မျိုးစုံ ဖွင့်လှစ်ထားသော စစ်တွေမြို့ခံတဦးက ပြောသည်။

ကျောင်းသားများဆန္ဒပြခြင်းကို ဆရာဆရာမများက အပြစ်တင်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်သင့်ကြောင်း၊ ကျောင်းသားများအား အစိုးရက နှိပ်ကွပ်မည်ကို ဆရာများက စိုးရိမ်ကြောင်း ပြောသည်ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သော
ကျောင်းသားတဦးက ပြောသည်။

“ကျနော်တို့ ကျောင်းသားတွေ ဘ၀ကတော့ ဆုပ်လည်းစူး စားလည်းရူးပေါ့။ မကျေနပ်တာကို ဆန္ဒပြပြန်တော့လည်း အစိုးရက ဖမ်းမယ်ဆိုတာမျိုးပေါ့။ ဒါကြောင့် လူတွေ ဒီဘ၀ကနေ မတိုးတက်တော့ဘူး။ ကျနော်တို့အတွက် ကျောင်းကားကို သေသေချာချာ မစီစဉ်ပေးရင် နောင်လည်း ဒီလိုဖြစ်ဦးမှာပဲ” ဟု ၎င်းက ပြောသည်။

ကျောင်းသားများ ဆန္ဒပြမှုကို ဆရာဆရာမများက မကျေနပ်သော်လည်း လတ်တလော ဖြစ်ပေါ်နေသည့်ပြဿနာကို ကျောင်းသားများဘက်မှ ရပ်တည်ကာ ကားခကို (၁၀၀) ကျပ် ကောက်ရန် သတ်မှတ်တောင်းဆို ဖြေရှင်းပေးလိုက်သည်ဟု သိရသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

No comments:

Post a Comment