Pages

Subscribe

Tuesday 6 July 2010

ရန်ကုန် တိုက်ခန်းငှားခ ၂ ဆခန့် မြင့်တက်

အန္တရာယ်ရှိ အဆောက် အအုံများ ဖျက်ဆီးကာ ပြန်လည် တည်ဆောက်ခြင်းနှင့် ကမ်းနားလမ်း ဖောက်လုပ်မှု စီမံကိန်း တို့ကြောင့် ရန်ကုန် မြို့တွင်း တိုက်ခန်း အငှားဈေးများ နှစ်ဆခန့် မြင့်တက် သွားကြောင်း သိရသည်။

အချက်အချာကျပြီး ငှားရမ်းနေထိုင်မှုများသည့် ရန်ကုန်မြို့လယ် တိုက်ခန်းများ (ဓာတ်ပုံ - en.kunming.cn)

အာဏာပိုင်များက ပြန်လည် တည်ဆောက်ရန် သတ်မှတ်ပေး ထားသည့် အန္တရာယ်ရှိ အဆောက် အအုံများမှာ ပန်းပဲတန်း မြို့နယ်တွင် ၇ လုံး၊ လသာ မြို့နယ်တွင် ၆ လုံး၊ ဗိုလ်တထောင် မြို့နယ်တွင် ၄ လုံး၊ တာမွေ မြို့နယ်တွင် ၈ လုံး၊ စုစုပေါင်း ၂၅ လုံး ဖြစ်ကြောင်း၊ ယခုလ အတွင်း ကျောက်တံတား မြို့နယ်၊ မင်္ဂလာ တောင်ညွန့် မြို့နယ်၊ ပန်းပဲတန်း မြို့နယ် တို့မှ အန္တရာယ်ရှိ အဆောက်အအုံ ၅ လုံးကို စတင် တည်ဆောက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ (အဆောက်အဦ) ဌာနမှ အရာရှိတဦးက ပြောသည်။

ယင်းသို့ ပြင်ဆင်တည်ဆောက်သည့် ကာလမတိုင်ခင် ကတည်းက အဆောက်အအုံအတွင်း နေထိုင်သူများကို ပြောင်းရွှေ့ ခိုင်းခဲ့ရာ ယင်းမြို့နယ်များအတွင်း တိုက်ခန်းငှားရမ်းရန် ပြန်လည်ရှာဖွေသူ များပြားနေကြောင်း ၃၇ လမ်းရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေသူ တဦးကပြောသည်။

“အရင် ၃၄ လမ်းထဲမှာ မြေညီထပ်ကို ကျပ် ၆ သောင်း၊ ၇ သောင်းလောက်ရှိတာ အခု ၁ သိန်းကျော်အထိ ဈေးခုန် တက်သွားတယ်။ ဆိုင်ဖွင့်ထားတဲ့ သူဆို ဈေးကွက်ပျက်မှာ စိုးလို့ ဖျက်တဲ့ နေရာတ၀ိုက်မှာပဲ လိုက်ရှာကြရတယ်” ဟု အဆိုပါ အိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

အိမ်ခန်း ငှားလိုသူများသည် ဆိပ်ကမ်းသာ၊ ပန်းပဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ကျောက်တံတားမြို့နယ်များ အတွင်း ရှာဖွေမှု ပိုများလာကြောင်း သိရသည်။

ယခုကာလသည် အိမ် အရောင်း၊ အငှား ဈေးကွက် အေးသည့် အချိန် ဖြစ်သော်လည်း ဖျက်မည့် အဆောက်အအုံများမှ ရွှေ့ပြောင်းရသူများသောကြောင့် အိမ်ငှားဈေးကွက် လှုပ်ရှားနေခြင်းဖြစ်ကြောင်း သိရသည်။

“ပန်းပဲတန်း လျှပ်စစ်ဈေးကွက်နေရာဆို ခေါက်ချိုး ဈေးတက်သွားတယ်။ မဖြစ်မနေ အနီးအနားမှာ ပြန်ငှားရမယ့် သူတွေ ကျတော့လည်း ဈေးဘယ်လောက်တင်တင် ငှားရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ပွဲခတွေလည်း ဈေးတက်သွားတယ်” ဟု ပန်းပဲတန်းမြို့နယ်တွင် လျှပ်စစ်ပစ္စည်း ရောင်းချနေသူ တဦးကပြောသည်။

စီးပွားရေးလုပ်ကိုင်နေသူများ မဟုတ်ဘဲ အိမ်ခန်းများတွင် နေထိုင်နေသူများမှာမူ ၎င်းတို့နေထိုင်သည့် အဆောက်အအုံများ ဖြိုဖျက်သည့် အချိန်တွင် မြို့တွင်းတိုက်ခန်းများကို ပြန်လည် မငှားနိုင်ကြတော့ဘဲ မြို့စွန်များသို့ ပြောင်းရွှေ့ကြရကြောင်း သိ၇သည်။

ယခု လက်ရှိတွင် မြောက်ဒဂုံနှင့် ယုဇန ဥယျာဉ်မြို့တော်တို့ရှိ တိုက်ခန်းဈေးနှုန်းများမှာ မြေညီထပ် ကျပ် ၃ သောင်းမှ ၄ သောင်းခန့်၊ ပထမထပ်နှင့် ဒုတိယထပ်များမှာ ကျပ် ၂၀၀၀၀ ၀န်းကျင်ခန့်တွင်ရှိကြောင်း သိရသည်။

“အရင်က၀န်ထမ်းအိမ်ရာမှာနေတာ။ အခု ဒီ အဆောက်အဦက ကမ်းနားပတ်လမ်းဖောက်တော့ ဖျက်မယ့်အထဲမှာ ပါတယ်။ ဒါနဲ့ အိမ်ငှားဖို့ လိုက်စုံစမ်းတော့ ဈေးတွေက ၀န်ထမ်းမိသားစု အနေနဲ့ ဘယ်လိုမှ ငှားလို့မရတဲ့ ဈေးတွေ။ တလကို အပေါ် ဆုံးထပ်တောင် ကျပ် ၄၀၀၀၀ လောက်ဖြစ်နေပြီ။ ပြီးတော့ ၆ လ ချုပ်၊ ၁ နှစ် ဒီလို ချုပ်ရမှာဆိုတော့ ဈေးသက်သာတဲ့ မြို့စွန်နေရာကို ပြောင်းဖို့ စီစဉ်နေတယ်” ဟု ဗိုလ်တထောင် ရေတပ်ဝင်းအတွင်း နေထိုင်သူ ၀န်ထမ်းတဦးကပြောသည်။

ဆိပ်ကမ်းပတ်လမ်း ဖောက်လုပ်ရန် သတ်မှတ်ပြီး နောက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်များရှိ ကမ်းနားတဘက်ခြမ်း တိုက်ခန်းများမှာ ငှားရမ်းခ ကျပ် ၂ သောင်းခန့် မြင့်တက်သွားကြောင်း ၎င်းက ပြောသည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

No comments:

Post a Comment