Pages

Subscribe

Tuesday 6 July 2010

ဈေး ဆိုင်ခန်းများတွင် ကိုယ်ပိုင်မီတာ တပ်ခွင့်မပေးတော့

ဈေးကြီးများ မီးလောင်ကျွမ်းခဲ့ပြီး နောက်တွင် ဈေးဆိုင်ခန်းများ၌ ကိုယ်ပိုင်မီတာ တပ်ဆင်ခြင်းကို အာဏာပိုင်များက ခွင့်မပြု တော့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် နီးစပ်သူ တဦးကပြောသည်။

သိမ်ကြီးဈေး D ရုံတွင် လျှပ်စစ် ဝါယာရှော့ကြောင့် ယခုနှစ်အတွင်း မီးလောင်မှု အနည်းငယ် ဖြစ်ပွားခဲ့သည် (ဓာတ်ပုံ - Freedom News Group)

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးကြီး ၂၀ တွင် အဆိုပါ အစီအစဉ်ကို ယခုလမှ စတင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဈေးကြီး တဈေးစီတွင် မီတာတခုသာ တပ်ဆင် ထားမည် ဖြစ်ပြီး ဆိုင်ခန်း တခန်းချင်း သုံးသည့် ကိုယ်ပိုင် မီတာများအား တပ်ဆင်ခွင့် မပေးတော့ဘဲ ရန်ကုန်မြို့တော် စည်ပင် သာယာက ချထားပေး ထားသည့် မီတာခွဲများမှ တဆင့် လျှပ်စစ်မီးကို သုံးစွဲရတော့မည် ဖြစ်ကြောင်း စည်ပင် အရာရှိ တဦးက ပြောသည်။

ယခုကဲ့သို့ ကိုယ်ပိုင်မီတာ တခုစီ တပ်ခွင့် မပေးခြင်းမှာ ဈေးကြီးများတွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ကြောင့် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အဓိကရည်ရွယ် ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်မီးပေးဝေမှုနှင့် ပတ်သက်၍ မြို့တော် စည်ပင်က ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သူက ဆိုသည်။

“မီတာခွဲဖြစ်တဲ့အတွက် ကိုယ် သုံးသလောက် မီတာ ဘယ်လောက်ရှိပြီလဲ ကြည့်လို့ရမယ်။ ပြောင်းသွားတာဆိုလို့ ကိုယ့် အခန်းမှာ ကိုယ်ပိုင်မီတာ မရှိတော့တာ တခုပါပဲ” ဟု လျှပ်စစ် အင်ဂျင်နီယာတဦးက ပြောသည်။

ယင်းကဲ့သို့ ကိုယ်ပိုင်မီတာများ တပ်ဆင်ခွင့်မပြုတော့ခြင်းသည် မီးလောင်မှု ဖြစ်သွားသည့် အခြေအနေကို လျော့ပါးသွား စေမည် ဆိုသော်လည်း ဈေးအတွင်း တပ်ဆင်ထားသည့် လျှပ်စစ်စီးဆင်းရာ မီးကြိုးများနှင့် မီးသတ်ပစ္စည်းများ၊ မီးသတ် ရေကန်များ စနစ်တကျ ထားရှိမှု၊ ဈေးအတွင်း ဆိုင်အများအပြား ဖွင့်ခွင့်မပေးဘဲ သွားလာမှု လွယ်ကူစေရန် ဆိုင်ခန်းများကို စနစ်တကျ ဖွင့်ခိုင်းစေမှု စသည့် အချက်များလည်း လိုအပ်သေးကြောင်း သူက သုံးသပ်ပြောဆိုသည်။

မင်္ဂလာမွန်ဈေးမှ လျှပ်စစ်ပစ္စည်းရောင်းချသူ တဦးက “မီးလုံခြုံရေး အတွက်ဆိုပြီး လစဉ် ကျပ် ၃၀၀၀ ကောက်တယ်။ တကယ့် တကယ်လည်းဖြစ်ရော ဘာမှ မလုပ်ပေးနိုင်ဘူး။ မီးလောင်မှာစိုးလို့ ကိုယ်ပိုင်မီတာ တပ်ခွင့်မပေးတာ နည်းလမ်းမှန်တယ်လို့ မထင်ဘူး။ မီတာ တပ်ခွင့်မပေးလည်း သူတို့ မိန်း မီတာက လာတဲ့ မီးအားက မှန်ဦးမှ။ ထိုးတက်၊ ထိုးကျ မမှန်ရင်တော့ ဘယ်လောက်ကောင်းတဲ့ မီးကြိုးဖြစ်ဖြစ် ခံနိုင်မှာမဟုတ်ဘူး၊ လောင်ဦးမှာပဲ” ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်က ချထားပေးသည့် လျှပ်စစ်မီးကို စနစ်တကျ သုံးစွဲရမည်ဟု ညွှန်ကြားထားသောကြောင့် ဆိုင်ခန်းများ အနေနှင့် ကန့်သတ် သုံးစွဲရမည့် အခြေအနေတွင် ရှိကြောင်း၊ ယင်းသို့ အထိုင်လျှပ်စစ်မီးခုံမှ အဆင့်ဆင့် သွားခြင်းကြောင့် မီးအား လျော့နည်းနိုင်ကြောင်းလည်း သူက ပြောသည်။

ဈေးကြီးများ မီးလောင်မှု ဖြစ်ပွားပြီးနောက်တွင် မန္တလေး ရတနာပုံ အဆင့်မြင့်ဈေးကြီး၌ လျှပ်စစ်မီး အန္တရာယ်မှ ကာကွယ်သည့် အနေဖြင့် ဆိုင်ခန်းများရှိ လျှပ်စစ် မီးပလပ်များ၊ မီးခလုတ်များကို သုံးစွဲခွင့် မပြုတော့ကြောင်း ကြားသိရသည်။

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော သင်္ဃန်းကျွန်းဈေး မီးလောင်မှုသည် ဆိုင်ခန်း မျက်နှာကျက် များတွင် သွယ်တန်းထားသော လပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ တဆင့် ဖြစ်ပွားခဲ့ပြီး မေလ ၂၄ ရက်နေ့က လောင်ကျွမ်း ခဲ့သော မင်္ဂလာဈေးမီးသည် လျှပ်စစ် ၀ါယာရှော့ကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

No comments:

Post a Comment